နေပြည်တော် ဇွန် ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် မှတ်ပုံတင်ကာ လုပ်ငန်းဆောင်ရွက်နေသည့် ညောင်တုန်းမြို့နယ် ပဲရုံဆိပ်ကျေးရွာရှိ Top Milk ထိပ်တန်းနို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက နို့စားနွားများ မွေးမြူထားရှိမှုနှင့် နွားစာအတွက် နေဗီယာမြက်များ စိုက်ပျိုးထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ပံ့ပိုးဆောင်ရွက်ပေးနေပြီး မိမိတို့ဝန်ကြီးဌာနရှိ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အဆိုပါလုပ်ငန်းများ အောင်မြင်ရေးအတွက် ပူးပေါင်းပါဝင်ကာ လိုအပ်သည့် နည်းပညာများ ပံ့ပိုးပေးနေကြောင်း၊ လုပ်ငန်းအောင်မြင်ရေးအတွက် မိမိတို့ဌာနအနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာရှိ ဧရာ့အားမာန် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသို့ ရောက်ရှိပြီး သမဝါယမအသင်းသား တောင်သူများ၊ အသင်းအမှုဆောင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ အသင်းအမှုဆောင်များက အသင်းပိုင်မြေ ၃၈၉ ဧကတွင် မိုးစပါးစိုက်ပျိုးမည့် အစီအစဉ်များ၊ ရေရရှိရေး၊ ရေငံဝင်ရောက်မှု၊ ဒေသမျိုးများ၏ အထွက်နှုန်းများ၊ အထွက်တိုးမျိုးများဖြင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဧရာ့အားမာန် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအနေဖြင့် အသင်းပိုင်မြေ ၃၈၉ ဧကတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့် အသုံးချရန်၊ အထွက်တိုးမျိုးများ ပြောင်းလဲအသုံးပြု စိုက်ပျိုးရန်၊ လိုအပ်သည့်မျိုး၊ သွင်းအားစု၊ နည်းပညာများ ပံ့ပိုးပေးမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှု တိုးတက်စေရေး မျှော်မှန်း ဆောင်ရွက်ကြရန်၊ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲအသုံးပြုရန်၊ သီးထပ်စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ပံ့ပိုးပေးသည်များကို အကျိုးရှိထိရောက်စွာ အသုံးပြုရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးဆက်လက်စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် မိုးစပါးစိုက်ပျိုးပြီးပါက သီးနှံပင်များ ဆက်လက်စိုက်ပျိုး ဆောင်ရွက်ကြရန်၊ သွင်းအားစုမြေဩဇာများ အချိန်မီရရှိရေးနှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာ့အားမာန် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယအသင်းသို့ အသင်းဖွံ့ဖြိုးရေးရန်ပုံငွေများ ထောက်ပံ့ပေးအပ်ကာ အသင်းသားတောင်သူများ၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ပြည်လုံးချမ်းသာ ကြီးမြန်သစ်ပင်နှင့် Evergreen မြက်မျိုးချောင်းတို့အား စိုက်ပျိုးပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးသို့ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ခရိုင်ဦးစီးမှူးများနှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့နယ် ဝါးတောကျေးရွာရှိ တောင်သူ ဦးဝင်းခိုင် အပါအဝင် သုံးဦးဖြင့် သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးသည့် မြေ ၇ ဒသမ ၅ ဧက ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment