လွိုင်ကော် ဇွန် ၇
ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် ကယားပြည်နယ်မှ အားကစားသမားများအား ကယားပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပြည်နယ်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်၊ ကောလိပ်ကျောင်းများ၊ ပြည်နယ်အားကစားဆပ်ကော်မတီများသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အားကစားဆပ်ကော်မတီများနှင့် ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ကယားပြည်နယ်မှ နိုင်ငံလက်ရွေးစင် ကစားသမားများ အဖြစ်အားကစားနည်း(၆)မျိုးအတွက် လက်ရွေးစင်ကစားသမား(၁၂)ဦး ရွေးချယ်ခံခဲ့ရပြီး ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ အသီးသီးထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြရာ နိုင်ငံ့ဂုဏ်ဆောင် ပြည်နယ်ကိုယ်စားပြု ထူးချွန်အားကစားသမားများအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ခေတ်အဆက်ဆက်တွင် ပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားအမြောက်အများ မွေးထုတ်ပေးနိုင်ခဲ့ရာ ပြည်နယ်၏သမိုင်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်၊ ၂၀၂၄ ခုနှစ် အတွင်းကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အဆင့်မီမီယှဉ်ပြိုင်နိုင်စေရန် အားကစားနည်းများ၊ အားကစားသမားအရေအတွက်များ ယခုနှစ်ထက်ပိုမို တိုးမြှင့်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်မှန်းချက်ထား ကြိုးစားဆောင်ရွက်သွားကြရန်၊ နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိနိုင်သည့် နိုင်ငံ့အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဗိုဗီနမ်(ခွန်ခမာ)အားကစားနည်းတွင် (၄၈)ကီလိုတန်းပြိုင်ပွဲ၌ ဒုတိယငွေတံဆိပ်ဆုရရှိသော မမေသဇင်ထူး၊ ဗိုဗီနမ်(ခွန်ခမာ)အားကစားနည်းတွင် (၅၁) ကီလိုတန်းပြိုင်ပွဲ၌ တတိယကြေး တံဆိပ်ဆုရရှိသော မမာရီနာ၊ တိုက်ကွမ်ဒိုအားကစားနည်းတွင် စိတ်ကြိုက်ဖန်တီးမှု ကကွက်ပြိုင်ပွဲ၌ တတိယကြေးတံဆိပ်ဆုရရှိသော မနှိုင်းဧကရီစိုးနှင့် အသင်းလိုက်ပြိုင်ပွဲ ခရစ်ကတ်အားကစားနည်းတွင် တတိယကြေးတံဆိပ်ဆုရရှိသော မဇွန်လင်းတို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်ကိုယ်စားပြု နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေများနှင့် ပြည်နယ်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်၊ ကောလိပ်ကျောင်းများ၊ ပြည်နယ်အားကစားဆပ်ကော်မတီများသို့ အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ၂၀၂၃ ခုနှစ် ၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများကိုယ်စား ဒုတိယငွေတံဆိပ်ဆုရ အားကစားသမားမမေသဇင်ထူးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
၎င်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများကို ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မှတ်တမ်း VIDEO အား ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြည်နယ်ကိုယ်စားပြုနိုင်ငံ့လက်ရွေးစင် အားကစားသမားများနှင့် ပြည်နယ်အားကစားဆပ်ကော်မတီဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)
No comments:
Post a Comment