Tuesday, June 13, 2023

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် ဟိုပန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားမဝင်ကုန်ပစ္စည်းများ တားဆီးနိုင်ရေးအတွက် ရှောင်တခင်ကွင်းဆင်း စစ်ဆေးနေမှုအား ကြည့်ရှု

 



ဟိုပန် ဇွန် ၁၃

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များသည်  ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ နှင့်အတူ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့နယ်အဝင်၊ ဖောင်ဆိပ်တံတားရှိ မြို့အဝင်/ အထွက်ဂိတ်နှင့် ဟိုပန်-နမ့်တစ် လမ်းဆုံနေရာများ၌ မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားမဝင်ကုန်ပစ္စည်းများ တားဆီးနိုင်ရေးအတွက် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဥက္ကဋ္ဌနှင့် ပူးပေါင်းအဖွဲ့သည် ဟိုပန်မြို့နယ်၊ မန်မိုင်ရပ်ကွက်ရှိ မြို့အဝင်/အထွက် ဖောင်ဆိပ်တံတားဂိတ်၌ စုရပ်ပြု၍  မြို့နယ်အတွင်း နယ်မြေလုံခြုံရေး အတွက် တရားမဝင်နိုင်ငံသားများမဟုတ်သည့်သူများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်း ပစ္စည်းများ၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်လာမှု ရှိ/မရှိ၊ အဖျက်အမှောက်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လူကုန်ကူးမှုများဖြစ်ပွားမှု မရှိစေရေးနှင့် အခြားမလိုလားအပ်သည့် ပြဿနာများမဖြစ်ပွားစေရေးတို့အတွက် ခရီးသည်ယာဉ်နှင့် ကုန်တင်ယာဥ်များ စုစုပေါင်း မော်တော်ယာဉ်(၅၃)စီးအား ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စု လမ်းမကြီး တိုးချဲ့နိုင်ရန် လမ်းတစ်လျှောက်ရေမြောင်းဖောက်လုပ်နေမှု အခြေအနေများနှင့် လမ်းနှင့်လွတ်ကင်းမှုမရှိသော ဈေးဆိုင်တန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment