နေပြည်တော် ဇွန် ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ဇွန်
၅ ရက်တွင် ဟားခါးမြို့နယ်သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး
မင်းနိုင်နှင့်တာဝန်ရှိသူများသည် ဟားခါးမြို့ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍
ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားသည်။
ထို့ပြင် နယ်မြေခံဆေးတပ်ရင်း၌ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များအားကြည့်ရှုအားပေးပြီး
ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။
ယနေ့တွင်လည်း
ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးလူအေးသည်
ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ရမ္မာဝတီခန်းမ၌ မုန်တိုင်းသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး
မြို့ပေါ်ရပ်ကွက် (၁၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၆ အုပ်စုတို့မှ လူဦးရေ ၈၈၀၁ ဦးတို့အတွက်
ထောက်ပံ့ငွေများ ပေးအပ်သည်။
အလားတူ
ဘူးသီးတောင်မြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်
တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၏ဂိုဒေါင်၌ အိမ်အမိုးသွပ်ရောက်ရှိမှုအခြေအနေများအား
ကြည့်ရှုစစ်ဆေးခြင်း၊ ပျက်စီးခဲ့သည့်စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးများအား ပြန်လည်ပြင်ဆင်နေမှုအား
ကြည့်ရှုစစ်ဆေးခြင်းများနှင့် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား
ပညာသင်ကြားနေမှုများနှင့် စာသင်ဆောင်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ
ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ
မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများကို ပြန်လည်ပြုပြင်ရန်နှင့်
ဆွမ်းကိစ္စများအဆင်ပြေစေရန် အမိုးသွပ်များ၊ ဆွမ်းဆန်တော်များနှင့် နဝကမ္မအလှူငွေများအား
ကျောင်းထိုင် ဆရာတော်များထံ သွားရောက်ဆက်ကပ်လှူဒါန်းသည်။
အလားတူ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်ခင်ဇော်သည် တာဝန်ရှိသူများနှင့်အတူ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှပေးပို့သော ဆန်နှင့်ရိက္ခာများသည် မင်းဘာကြီးဆိပ်ခံတံတားသို့ရောက်ရှိလာသဖြင့်
တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက
မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပေးနေမှုကိုကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား
လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment