မကွေး ဇွန် ၂၀
၂၀၂၃ ခုနှစ် မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီ အချိန်က မကွေးခရိုင် အားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အားကစား ဝါသနာရှင် လူငယ်မောင်မယ်များ တက်ရောက် ခဲ့ကြသည်။
၂၀၂၃ ခုနှစ် မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က ဘောလုံးပွဲပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်မှု အဆင့်အတန်း မြင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာပြီး တိုင်းဒေသကြီးလက်ရွေးစင် အမျိုးသမီး အားကစား သမားများမှ တစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံးအားကစား သမားကောင်းများ ထွက်ပေါ် လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ဘောလုံးအားကစား နည်းသည် ကမ္ဘာပေါ်တွင် သာမက မြန်မာပြည်တွင်လည်း ကလေး၊ လူကြီးမရွေး အားလုံးကြိုက်နှစ်သက်သည့် အားကစားနည်း ဖြစ်ပြီး လူမျိုးဘာသာမရွေး လူအများ စုပေါင်းဖွဲ့စည်း၍ လွယ်ကူကစားနိုင်သည့်အပြင် အသင်းလိုက်စုစည်းပြီး တစ်ဦးနှင့်တစ်ဦး အချိတ် အဆက်မိမိ ယှဉ်ပြိုင်ကစားရသော အားကစားနည်းဖြစ်ကြောင်း၊ အားကစားသမားများ အနေဖြင့် မိမိတို့၏ ကစားနည်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရေးအတွက် ခေတ်စနစ်များနှင့် လျော်ညီသော အားကစားနည်းစနစ်များဖြင့် လေ့ကျင့်ရန်လိုအပ်သလို အုပ်ချုပ်သူ/နည်းပြများမှ ချမှတ်ထားသော စည်းကမ်းများကိုလည်း လိုက်နာရမည် ဖြစ်ကြောင်း၊ ယခုလို ခရိုင်ပေါင်းစုံပြိုင်ပွဲများမှ တစ်ဆင့်တိုင်းဒေသကြီးလက်ရွေးစင်၊ ထိုမှတစ်ဆင့် နိုင်ငံ့ လက်ရွေးစင်အဖြစ် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်မှ ဇွန်ယုယဦး၊ သရက်မြို့နယ်မှ သက်ထားအောင်၊ တောင်တွင်းကြီးမြို့နယ်မှ ယွန်းဝတီလှိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှ စုစုကြည်တို့သည် လက်ရှိနိုင်ငံ့ လက်ရွေးစင်အသင်းတွင် သက်တမ်းအလိုက် ကစားနေကြသည့် လက်ရွေးစင် အမျိုးသမီးဘောလုံး ကစားသမားများဖြစ်သည့်အတွက် ယခုပြိုင်ပွဲ ကစားသမားများ အနေဖြင့်လည်း နိုင်ငံ့လက်ရွေးစင် ကစားသမားများဖြစ်အောင် ကြိုးစား ကြဖို့ကိုလည်း တိုင်တွန်းလိုပါကြောင်း၊ အားကစားဖွံ့ဖြိုးတိုးတက်ခြင်းသည် လူငယ်များ၏ ဖွံ့ဖြိုး တိုးတက်ခြင်းဖြစ်ပြီး လူငယ်များဖွံ့ဖြိုးတိုးတက်ခြင်းသည်လည်း နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ခြင်း ဖြစ်တာကြောင့် နိုင်ငံတော်အတွက် အားထားရသည့် အနာဂတ် လူချွန် လူကောင်းများ ဖြစ်သည်အထိ ကြိုးစားကြစေလိုကြောင်းဖြင့် ပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ် ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်း မှ ပြန်လည်ထွက်ခွာကာ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က ပြိုင်ပွဲဝင် ခရိုင်အသီးသီးမှ အားကစားသမားများထံ ဘောလုံးနှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အုပ်စု ပထမနေ့ ပွဲစဉ်အဖြစ် မကွေးခရိုင် အမျိုးသမီးဘောလုံးအသင်းနှင့် ချောက်ခရိုင် အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ၂၀၂၃ ခုနှစ် မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင် ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို (၁၉-၆-၂၀၂၃) ရက်နေ့မှ (၂၉-၆-၂၀၂၃) ရက်နေ့ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အုပ်စု ပထမနေ့ ပွဲစဉ်အဖြစ် မကွေးခရိုင် ဘောလုံးအသင်းနှင့် ချောက်ခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မကွေးခရိုင် အသင်းက ၃ ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
မောင်ညီညာ
No comments:
Post a Comment