Friday, June 9, 2023

ပြည်သူများ၏ လူမှုဘဝလိုအပ်ချက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်


ပြည်သူများ၏ လူမှုစီးပွားဘဝများစွာအနက် အဓိကလိုအပ်ချက်မှာ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ နိုင်ငံတစ်ဝန်း၌ ယခင်ကာလများနှင့်မတူ လမ်းပန်းဆက်သွယ်ရေးများ တိုးတက်ကောင်းမွန်လာခဲ့သည်။ လျှပ်စစ်ဓာတ်အားရရှိရေးတွင် လတ်တလော၌ အခက်အခဲအကြောင်းအမျိုးမျိုးရှိ၍ အလုံးစုံမရရှိသေးသော်လည်း နိုင်ငံတစ်ဝန်းလုံးရရှိရေးကို အတတ်နိုင်ဆုံးဆောင်ရွက်လျက်ရှိသည်။

တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် မေလ ၁၄ ရက်‌နေ့က တိုက်ခတ်ခဲ့သော အလွန့်အလွန်အင်အားပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့သည်။ မုန်တိုင်းမှာ အလွန်အင်အားပြင်းထန်သောကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့ရွာရပ်ကွက်များတွင် သွယ်တန်းထားသော ဓာတ်တိုင်များနှင့် နိုင်ငံတော်ဓာတ်အားလိုင်းမှ ဖြန့်ဝေပေးသော ၂၃၀ ကေဗွီ အမ်း-မြောက်ဦး- ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းတစ်လျှောက်ရှိ မြစ်ကျော်တိုင်များအပါအဝင် တာဝါတိုင်များ ကျိုးပြတ်လဲပြိုကျကာ လျှပ်စစ်ဓာတ်အားများ ပြတ်တောက်သွားခဲ့သည်။

အဆိုပါဓာတ်အားလိုင်းနှင့်ဆက်စပ်နေသော စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်-မြောက်ဦး-မင်းပြား-မြေပုံ-ပေါက်တောမြို့များ၊ ရသေ့တောင်-ဘူးသီးတောင်-မောင်တောမြို့များ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားခဲ့သည်။ အလားတူ ၆၆ ကေဗွီဓာတ်အားခွဲရုံများ၊ ၆၆ ကေဗွီဓာတ်အားလိုင်းများနှင့် မြစ်ကျော်တိုင်များ အားလုံးချို့ယွင်းပျက်စီးသွားခဲ့ပြီး ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ၁၀ မြို့နယ်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်သွားခဲ့သည်။ ပျက်စီးမှုများကို အမြန်ဆုံးပြန်လည်ပြင်ဆင်ပြီး လျှပ်စစ်ဓာတ်အားပြန်လည်လွှတ်ပေးနိုင်ရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများရှိ မြို့များ လျှပ်စစ်ဓာတ်အားအမြန်ရရှိရေးအတွက် ၂၃၀ ကေဗွီဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ ဓာတ်အားလိုင်းများ ပြင်ဆင်ရေးဝန်ထမ်း ၅၈၁ ဦး၊ ယန္တရား ၆၂ စီးကို အဖွဲ့၁၆ ဖွဲ့ ခွဲ၍ ပြင်ဆင်‌ဆောင်ရွက်ပေးလျက်ရှိပြီး မြို့တွင်းဓာတ်အားလိုင်းများ ပြင်ဆင်ရေး အတွက် ဝန်ထမ်းအင်အား ၆၄၂ ဦး၊ ကရိန်းယာဉ် ၃၆ စီး၊ အုပ်ချုပ်မှုယာဉ် ၃၆ စီး၊ အဖွဲ့ ၁၄ ဖွဲ့နှင့် ပြင်ပကုမ္ပဏီတစ်ဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်းလမ်းကြောင်း၌ ရာနှုန်းပြည့်နီးပါး ပြင်ဆင်ပြီးစီးခဲ့ပြီး ၆၆ ကေဗွီ ဓာတ်အားလိုင်း ပုဏ္ဏားကျွန်း-စစ်တွေလမ်းကြောင်း၌ ရာခိုင်နှုန်းပြည့် ပြင်ဆင်ပြီးစီးပြီဖြစ်၍ ဇွန်လ ၇ ရက်နေ့တွင် စစ်တွေမြို့ပေါ်ရပ်ကွက်များသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားများစတင် ဖြန့်ဝေပေးခဲ့ရာ ပြည်သူများ ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြသည်။

စစ်တွေမြို့၌ ၁၁ ကေဗွီနှင့် ဗို့ ၄၀၀ မြို့တွင်းဖြန့်ဖြူးရေးဓာတ်အားလိုင်းများ အားလုံးပြင်ဆင်ပြီးစီးခဲ့ပြီး ကျောက်တော်မြို့၌ ၉၉ ရာခိုင်နှုန်း၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်မြို့များ၌ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဇူလိုင်လပထမပတ်အတွင်း အဆိုပါမြို့များအားလုံးသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည်ဖြစ်သည်။ မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ထောင်ကျော် ပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် အချိန်တိုအတွင်း ဒေသခံပြည်သူများ လျှပ်စစ်မီးပြန်လည် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။

မုန်တိုင်းသင့်ဒေသများမှ ပြည်သူများ၏ အဓိကလိုအပ်ချက်များတွင် သန့်ရှင်းသောရေရရှိရေးလည်းပါဝင်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့က ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်ဒေသများမှ မြို့ရွာရပ်ကွက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရွေ့လျားရေသန့်ကားများ၊ ရေနောက်မှ ရေကြည်အဖြစ်သို့သန့်စင်ပေးသည့်ရေသန့်စက်များ၊ ဆိုလာစနစ်သုံး ရေသန့်စက်များဖြင့် ချက်ချင်းဖြန့်ဝေပေးလျက်ရှိသည်။ အလားတူ ဆက်သွယ်ရေးစနစ်များ၊ နေအိမ်အဆောက်အအုံနှင့်စားရေရိက္ခာ များပါမကျန် အစစအရာရာ လိုအပ်သည်များကို အဖွဲ့အစည်းများအလိုက် အလျင်အမြန် ဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူ‌ထောင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအလိုက် အားသွန်ခွန်စိုက် ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိရာ အချိန်တိုကာလအတွင်း တိုးတက်ကောင်းမွန်လာပြီး များမကြာမီကာလများတွင် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်ဒေသများ မူလအခြေအနေထက် ပိုမိုတိုးတက် ကောင်းမွန်လာမည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment