Thursday, June 1, 2023

သံနှင့်သံမဏိ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခြေလှမ်း


 

သံနှင့်သံမဏိထုတ်လုပ်မှုသည် နိုင်ငံတည်ဆောက်ရေးလုပ်ငန်း များအတွက် အရေးပါသကဲ့သို့ နိုင်ငံစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်းအရေးပါသည်။ မိမိတို့နိုင်ငံသည် သံနှင့် သံမဏိလိုအပ်ချက်ကို ပြည်တွင်းထုတ်လုပ်မှုဖြင့် မလုံလောက်သည့်အတွက် ပြည်ပမှတင်သွင်းနေရသည့် နိုင်ငံဖြစ်ရာပြည်တွင်း၌ သံနှင့်သံမဏိတိုးတက်ထုတ်လုပ် ဖြည့်ဆည်းပေးခြင်းဖြင့် အမျိုးသားအကျိုးစီးပွားတိုးတက်မြင့်မားမှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သံနှင့်သံမဏိလိုအပ်ချက်မှာ နှစ်စဉ် တန်ချိန် ၂ ဒသမ ၅ သန်းမှ ၃ သန်းခန့်အထိရှိပြီး နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများအတွက် သံနှင့်သံမဏိလိုအပ် ချက်မှာလည်း နှစ်စဉ်မြင့်တက်လျက်ရှိသည်။ ပြည်တွင်းသံနှင့်သံမဏိ ထုတ်လုပ်မှုအနေဖြင့် နိုင်ငံပိုင်သံရည်ကျိုစက်ရုံခြောက်ရုံနှင့် မှတ်ပုံတင်ပုဂ္ဂလိက သံရည်ကျိုလုပ်ငန်း ၃၆၂ ခုတို့ရှိနေပြီး ပြည်တွင်းထုတ်လုပ်မှုတန်ချိန် ၁ သန်း ခန့်သာရှိနေရာ လိုအပ်ချက်အများစုကို ပြည်ပမှတင်သွင်း နေရသည်။ ယင်းသို့ တင်သွင်းရသည့်အတွက် နှစ်စဉ်နိုင်ငံခြားငွေ ၁ ဘီလီယံကျော် ၂ ဘီလီယံနီးပါး သုံးစွဲနေရခြင်း ဖြစ်ရာ ပြည်တွင်း သံ၊ သံမဏိ တိုးတက်ထုတ်လုပ်နိုင်သည် နှင့်အမျှ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် များစွာနောက်ကျကျန်ရစ်နေပြီဖြစ်သည့် မြန်မာနိုင်ငံ၏သံနှင့် သံမဏိထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်သွားရန်လည်း လိုအပ်လျက်ရှိသည်။

၂၀၀၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံပိုင် သံနှင့်သံမဏိ ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သော အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းလုပ်ငန်းများကို ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၏ ညွှန်ကြားမှုဖြင့်ရပ်ဆိုင်းခဲ့ရသည့်အတွက် မိမိတို့နိုင်ငံ၏ သံနှင့်သံမဏိ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများ ရပ်တန့်သွားခဲ့ရသည်။ ထိုစဉ်က အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) တည်ဆောက်မှု ၆၇ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး စက်ပစ္စည်းများလည်း ၉၀ ရာခိုင်နှုန်းကျော်ရောက်ရှိနေကာ ရင်းနှီးမြှုပ်နှံမှုကျပ်သန်းပေါင်း ၄၀၃၉၃၃ ခန့်ရှိနေချိန်တွင် စီမံကိန်းရပ်တန့်ခဲ့ရမှုကြောင့် နိုင်ငံအတွက်ဘဏ္ဍာငွေများစွာ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သံမဏိထုပ်လုပ်မှုလုပ်ငန်း သည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် လိုအပ်ချက်ဖြစ် ခြင်းကြောင့် စက်ရုံစီမံကိန်းများအား စနစ်တကျအပိုင်းလိုက် တည်ဆောက်၍ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ပြီးစီးစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့သည်။ စက်ရုံပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့မှု ကြောင့် လက်ရှိအခြေအနေတွင် သံရည်ကျိုအလုပ်ရုံ Melt Shop -1 ပြီးစီးပြီဖြစ်ပြီး စီမံကိန်းတစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် လျက်ရှိသည်။

မြန်မာနိုင်ငံတွင် သံနှင့်သံမဏိထုတ်လုပ်ရေးအတွက် သံပါဝင်မှုမြင့်မားသည့် သတ္တုသိုက်များစွာရှိပြီး အခြားလိုအပ်ချက်များဖြစ်သော ကျောက်မီးသွေး၊ ထုံးကျောက်တို့လည်း ထုတ်ယူရရှိနိုင်သည်။ ပြည်တွင်း သံနှင့်သံမဏိလိုအပ်ချက်များ နှစ်စဉ်မြင့်တက်နေလျက်ရှိရာ ပြည်တွင်းမှထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ခြင်းဖြင့် ပြည်ပငွေသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ သံနှင့်သံမဏိ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းစသော အကျိုးကျေးဇူးများ ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment