၁။ ကျန်းမာရေးဝန်ကြီးဌာနသည် "ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်း”များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ဝင်ရောက် လာသူများနှင့် ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသော ဓာတ်ခွဲအတည်ပြုလူနာများထံမှ ဓာတ်ခွဲနမူနာများ ရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး Omicron (အိုမီခရွန်)အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာ(၂၂)ခုအား ဆေးသုတေသနဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ (၂၉- ၄- ၂၀၂၃)ရက်နေ့တွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB.1.9.1 ကို ဓာတ်ခွဲနမူနာ(၈)ခုတွင်လည်းကောင်း၊ XBB.1.16 ကို ဓာတ်ခွဲနမူနာ(၈)ခုတွင်လည်းကောင်း၊ XBB.2.3 ကို ဓာတ်ခွဲနမူနာ(၂)ခုတွင်လည်းကောင်း၊ XBB.1.9.2 ကို ဓာတ်ခွဲနမူနာ(၁)ခုတွင်လည်းကောင်း၊ XBB.1.5 ကို ဓာတ်ခွဲနမူနာ(၁)ခုတွင်လည်းကောင်း၊ XBB.1 ကို ဓာတ်ခွဲနမူနာ(၁)ခုတွင်လည်းကောင်း၊ BA.2.75 ကို ဓာတ်ခွဲနမူနာ(၁)ခုတွင်လည်းကောင်း အသီးသီးတွေ့ရှိရပါသည်။ အဆိုပါလူနာများအား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း စနစ်တကျသီးခြားထားရှိကုသမှုပေးခဲ့ပြီး ကျန်းမာရေးအခြေအနေများမှာ ကောင်းမွန်လျက်ရှိပါသည်။
၃။ Omicron(အိုမီခရွန်) မျိုးရိုးဗီဇပြောင်း XBB.1.16(Arcturus) ရောဂါပိုးကူးစက်ဖြစ်ပွားမှုကို (၂၀၂၃)ခုနှစ်၊ ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံ၌ စတင်၍တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း(၃၇)နိုင်ငံတွင် ကူးစက်မှုများရှိကြောင်း သိရှိရပါသည်။ ယခုမြန်မာနိုင်ငံတွင်တွေ့ရှိရသော XBB.1.16 (၈)ဦးအနက် (၁)ဦးမှာ ပြည်ပမှမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကျန်(၇)ဦးမှာ ပြည်တွင်းကူးစက်မှုများမှတွေ့ရှိရခြင်းဖြစ်ပါသည်။ ယခုတွေ့ရှိရသည့် မျိုးရိုးဗီဇပြောင်းရောဂါပိုးများဖြစ်သည့် XBB.1I XBB.1.5၊ XBB.1.9.1၊ XBB.1.9.21 XBB.2.31 BA.2.75 တို့မှာလည်း ကမ္ဘာ့နိုင်ငံများတွင် ယခင်ကပင် ကူးစက်ပြန့်ပွားလျက်ရှိသော မျိုးရိုးဗီဇပြောင်းရောဂါပိုးများဖြစ်ကြောင်း သိရှိရပါသည်။
၄။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
(၂-၅-၂၀၂၃)
No comments:
Post a Comment