Monday, May 8, 2023

မြိတ်မြို့မှ မောတောင်သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ခရီးသွားပြည်သူ ၁ ဦးသေဆုံး၊ ၆ ဦးထိခိုက်ဒဏ်ရာရရှိ

 


နေပြည်တော် မေ ၈

CRPH၊ NUG အဖွဲ့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက မြိတ်မြို့မှမောတောင်သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား မေ ၇ ရက် ညနေပိုင်းတွင် လက်လုပ်မိုင်းတစ်လုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ မောတောင်သို့ထွက်ခွာလာသည့် Nissan Navara အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်သည် မေ ၇ ရက် ညနေ ၄ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာနှင့် လသာကျေးရွာကြား၊ မိုင်တိုင်အမှတ်၊ ၃၃/၃ နေရာသို့ရောက်ရှိစဉ် CRPH၊ NUG အဖွဲ့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ အမျိုးသား ၁ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် အဆိုပါ ဒဏ်ရာရပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မြိတ်မြို့ရှိ တပ်မတော်ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွားမော်တော်ယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာ မိုင်းခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အထက်ပါဖြစ်စဉ်မှ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအား ယနေ့မွန်းလွဲပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment