နေပြည်တော် မေ ၁၀
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လမ်းတံတားများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများနေရာထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မေလ ၉ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာအနီး မူးဘောင်လမ်းမှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ လူနေအိမ်များအား မီးရှို့ဖျက်ဆီး၍ ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူများအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကောင်းထက်ဇင်၏ နေအိမ်ပါ လူနေအိမ် ၇ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါကျေးရွာနေ အပြစ်မဲ့အမျိုးသား ၅ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသမီး ၁ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသန်းပစ်ခတ်ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးကာ ကျေးရွာနေပြည်သူများအား ပစ်ခတ်သတ်ဖြတ်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment