Tuesday, May 30, 2023

ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေများ ထောက်ပံ့ပေးအပ်

 


နေပြည်တော် မေ ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေး ငွေများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖိတ်ခေါ်မှုအား ၂၀၂၃ ခုနှစ်၊ မေ ၉ ရက်မှ ၁၆ ရက်အထိ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ဖိတ်ခေါ်ခဲ့မှုကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် မွန်ပြည်နယ်၊ ရေးမြို့တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၂ ဦးတို့သည် SigSauer P320 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည်  ၅ တောင့်နှင့်အတူ မွန်ပြည်နယ်၊ ရေးမြို့၊ နယ်မြေခံတပ်နယ်ရှိ ဆင်ဖြူရှင်ခန်းမ၌ တာဝန်ရှိသူများထံသို့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ခဲ့ရာ တာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆုကြေးငွေအဖြစ်ပေးအပ်သည့် ပစ္စတိုသေနတ် ၁ လက်အတွက် ငွေကျပ်သိန်း ၂၀ နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်သည်။

အလားတူ မွန်ပြည်နယ်၊ သထုံမြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား ၁ ဦးသည် သထုံမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား ၁ ဦးသည် ကရင်ပြည်နယ်၊ မြဝတီမြို့၊ နယ်မြေခံတပ်ရင်း၌လည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့်အတွက် တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်သည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာ သူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment