Wednesday, May 10, 2023

ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 


နေပြည်တော် မေ ၁၀

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။ ထို့သို့ပြုလုပ်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နယ်မြေခံသင်တန်းကျောင်းခန်းမ၌ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်နယ်မှတာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် အလင်းဝင်ရောက်လာသူများက ၎င်းတို့နှင့်အတူ ပါရှိလာသော BAREDDA အမျိုးအစား ပစ္စတို ၁ လက်၊ လက်လုပ်ပစ္စတို ၂ လက်နှင့် ခဲယမ်းများအားအပ်နှံကြရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ထောက်ပံ့ငွေများ ပြန်လည်ပေးအပ်ကြသည်။

ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ ချင်းပြည်နယ်၊ ဂန့်ဂေါမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးတို့ကို တာဝန်ရှိသူများက ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများပါရှိသူများကိုလည်း ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရကထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment