Monday, May 15, 2023

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့်ပို့ဆောင်

နေပြည်တော် မေ ၁၅

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှု များပေးနိုင်ရန် စစ်ရေယာဉ် (၅၅၄) သည် တပ်မတော် (ရေ) မှ ကြက်ဥ ၅,၀၀၀ လုံး၊ ကြက်သား ၅၀၀ ပိဿာခန့်၊ ခေါက်ဆွဲခြောက် ၁၀၀ ဖာနှင့် ၁ လီတာရေသန့် ၆၀၀ ကတ်တို့အား တင်ဆောင်၍ ကူညီကယ်ဆယ်ရေးဆောင်ရွက်မည့်အဖွဲ့များနှင့်အတူ မေ ၁၅ ရက် နံနက် ၉ နာရီခွဲအချိန်တွင် အမှတ် (၆) ရေတပ်ဆိပ်ခံတံတား (ကျောက်ဖြူမြို့) မှထွက်ခွာခဲ့ရာ အမှတ် (၁၄) ရေတပ်ဆိပ်ခံတံတား (စစ်တွေမြို့) သို့ ယနေ့ညနေ ၃ နာရီခွဲတွင်ရောက်ရှိခဲ့ပြီး သယ်ဆောင်လာသည့် ကြက်ဥ၊ ကြက်သား၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးများအား မုန်တိုင်းဒဏ်သင့်ပြည်သူများသို့ပေးဝေခဲ့ပြီး ရသေ့တောင်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်သည်။


 


အလားတူ စစ်ရေယာဉ်(မုတ္တမ)သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ၅ ဦးစာ ရိက္ခာထုတ် ၆,၀၀၀ ထုတ် (၆၀ တန်ခန့်)၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် ၁၂,၀၀၀ အိတ် (၆၀၀ တန်)၊ တာပေါ်လင်လိတ် ၁၀၀၀ လိတ် (၃၇ တန်)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌရုံးမှ ဆန် ၅ ပြည်ဝင် အိတ် ၁၀,၀၀၀ အိတ် (၁၀၅ တန်ခန့်)၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် အိမ်ရိုက်သံ ၃၅ တန်၊ သွပ် ၄၀,၀၀၀ ချပ် (၁၆၀ တန်)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ MPT Mobile ကား ၁ စီး (၅ တန်)၊ ဆက်သွယ်ရေးတာဝါတိုင်နှင့် ဆက်စပ်ပစ္စည်း ၁၇ တန်၊ စုစုပေါင်း ၁,၀၁၉ တန်ခန့်အား ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင်လည်းကောင်း၊ စစ်ရေယာဉ် (မဟာဗန္ဓုလ) သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ ခေါက်ဆွဲခြောက် ၁၁၃ ဖာ၊ ဓာတ်ဆားထုတ် ၈,၈၀၀ ထုတ်၊ ကြက်ဥ ၅,၀၀၀ လုံး၊ ရေသန့်နှင့် အသား/ငါးများ၊ ငါးပိ ၁၀၀ ပိဿာ၊ ငါးခြောက် ၈၀၀ ပိဿာ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ကြက်ဥ ၁၀,၀၀၀ လုံး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် ၅၀၀ အိတ် (၂၅ တန်)၊ စုစုပေါင်း ၂၈.၂ တန်ခန့်အား အမှတ် (၄) ရေတပ်ဆိပ်ခံတံတားတွင်လည်းကောင်း တင်ဆောင်လျက်ရှိပြီး ကူညီကယ်ဆယ်ရေးဆောင်ရွက်မည့် အဖွဲ့များအားတင်ဆောင်၍ မေ ၁၆ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ပို့ဆောင်ရန် ထွက်ခွာသွားမည်ဖြစ်သည်။

အဆိုပါ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များပေါ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ တင်ဆောင်နေမှုများကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့အတူ တပ်မတော်(ရေ)မှစစ်ရေယာဉ်များဖြင့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများတင်ဆောင်၍ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment