Monday, May 15, 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်မှလေယာဉ်/ရဟတ်ယာဉ်များဖြင့် စစ်တွေမြို့သို့ပို့ဆောင်

 

နေပြည်တော် မေ ၁၅

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများလဲကျ၍ လမ်းများပိတ်ဆို့ခြင်း၊ ကားလမ်းများရေကျော်ခြင်း၊ လမ်းမီးတိုင်များပျက်စီးခြင်း၊ တာဝါတိုင်များပျက်စီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေးအဆောက်အဦ (Cyclone Shelter) များ၊ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသည်။

 



























အဆိုပါ ဒေသခံပြည်သူများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဆန် ၅၀၀ အိတ်၊ ဘီစကတ် ၄၂၅ အိတ်နှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို နေပြည်တော်လေဆိပ်မှ စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပထမအကြိမ်ဖြင့်လည်းကောင်း၊ ဆန် ၃၅၀ အိတ်၊ ဘီစကတ် ၃၂၅ အိတ်၊ တပ်မတော်ဆေးအဖွဲ့များနှင့် ဆေးပစ္စည်းများကို ဒုတိယအကြိမ်ဖြင့်လည်းကောင်း ယနေ့နံနက်ပိုင်းတွင် အသီးသီးကူညီပို့ဆောင်ပေးခဲ့ရာ စစ်တွေလေဆိပ်တွင် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment