Friday, May 5, 2023

ယခုပညာသင်နှစ်သည် Grade-9 နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်

 


နေပြည်တော် မေ ၄

ပညာရေးဝန်ကြီးဌာန အခြေခံပညာ Grade-9 နှင့် Grade-12 သင်ရိုးသစ် ဗဟိုအဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် Naypyitaw State Academy ရှိ စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီကြီးကြပ်မှုဖြင့် Grade- 9 နှင့် Grade-12 သင်ရိုးသစ်များကို ကိုယ်တိုင်ရေးသားပြုစုခဲ့ကြ သော သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့နှင့် ဘာသာရပ်ဆိုင်ရာသင်ရိုး ညွှန်းတမ်းကော်မတီမှ သင်တန်းဆရာများ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနသည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် က စတင်ကာ KG + 12 သင်ရိုး သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုပညာသင်နှစ် သည် Grade-9 နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်ဖြစ်သဖြင့် အတန်းစဉ်အားလုံး သင်ရိုးသစ်ဖြင့် ပြည့်ဝစွာ အကောင်အထည်ဖော် ပြီးမြောက်ပြီဖြစ်ကြောင်း၊ သင်ရိုးသစ်များသည် ကျောင်းသား ကျောင်းသူများကို ၂၁ ရာစု ကျွမ်းကျင်မှုများရရှိအောင် လေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့် နိုင်ငံတကာ အဆင့်မီစေရန် ရည်ရွယ်ကာ ရေးဆွဲပြုစုထားပါ ကြောင်း၊ Grade-9 နှင့် Grade-12 သင်ရိုးသစ်ကို ကိုယ်တိုင်ရေးသားခဲ့ကြသော တက္ကသိုလ်ပါမောက္ခ များ၏ တိုက်ရိုက်သင်ကြားပြသမှု ရရှိစေရန် ရည်ရွယ်၍ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများကို ဗဟိုအဆင့်နည်းပြသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းပြီးပါက သက်ဆိုင်ရာတက္ကသိုလ်အလိုက် သတ်မှတ်ဧရိယာများရှိ အခြေခံပညာ ကျောင်းများမှ အခြေခံပညာဆရာဆရာမများကို တက္ကသိုလ် ဆရာကြီး ဆရာမကြီးများက တိုက်ရိုက်ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချသင်ကြားပေးကြရမည်ဖြစ်ကြောင်း။

ဗဟိုအဆင့်သင်တန်းမှ ဆင့်ပွားသင်တန်း၊ ထပ်ဆင့်ဆင့်ပွားသင်တန်းများမှတစ်ဆင့် အခြေခံပညာ ကျောင်းသား ကျောင်းသူများကို အရည်အသွေး ပြည့်ဝသော၊ ဗလငါးတန်နှင့် ပြည့်စုံသော လူတော်လူကောင်းများ၊ နိုင်ငံ့သားကောင်းများဖြစ်လာစေရန် လေ့ကျင့်သင်ကြား ပေးကြမည့် အခြေခံပညာ ဆရာ ဆရာမများ၏ သင်ကြားမှု စွမ်းရည်များ တိုးတက်ကောင်းမွန် စေရေး ဆရာကြီး ဆရာမကြီးတို့က တစ်တပ်တစ်အား ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဝမ်းမြောက်စကားပြောကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆင့်ပွားသင်တန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့် ဗဟိုအဆင့်နည်းပြသင်တန်းသို့ တက္ကသိုလ်များမှ သင်တန်းသား ပါမောက္ခနှင့် တွဲဖက်ပါမောက္ခ ၁၂၇၉ ဦးနှင့် သင်တန်းသား အခြေခံပညာဆရာ ဆရာမ ၂၀၀ တက်ရောက်ကြပြီး Grade-12 သင်ရိုးသစ်ဗဟိုအဆင့် နည်းပြ သင်တန်းကို Naypyitaw State Academy တွင်လည်းကောင်း၊ Grade-9 သင်ရိုးသစ် ဗဟိုအဆင့် နည်းပြသင်တန်းကို နေပြည်တော်ရှိ အမှတ်(၆)အခြေခံပညာအထက် တန်းကျောင်းတွင်လည်းကောင်း မေ ၄ ရက်မှ ၁၀ ရက်အထိ ခုနစ်ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment