Friday, May 12, 2023

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပ


နေပြည်တော် မေ ၁၁

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre-DMC) လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စီမံဆောင်ရွက်

ရှေးဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဋ္ဌ (၁)၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA)နှင့် စပ်လျဉ်း၍ မိုးလေဝသခန့်မှန်းချက်များအရ မုန်တိုင်းလမ်း ကြောင်း၊ မုန်တိုင်းဝင်ရောက်နိုင်သည့်ဒေသအား အနီးစပ်ဆုံးသိရှိရပြီး ဖြစ်ပါသဖြင့် အရေးပေါ်အချိန်နှင့် အရေးကြီးအချိန် လုပ်ငန်းများကို တွဲဖက်ဆောင်ရွက်ရမည့် အခြေအနေဖြစ်ကြောင်း၊ DMC အနေဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ မုန်တိုင်းလမ်း ကြောင်း ကျရောက်နိုင်သည့် မြို့နယ်များတွင် လိုအပ်သည်များ အသင့်ပြင်ဆင်ထားရှိမှု၊ ရွှေ့ပြောင်းပြီးစီးမှု အချက်အလက်တို့အား အချိန်နှင့်တစ်ပြေးညီ ပြည့်ပြည့်စုံစုံ ပြုစုထားရှိရန်လိုကြောင်း၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အရေးပေါ်တုံ့ပြန်ရေး ကြိုတင်ပြင်ဆင်ထားရှိ မှု၊ အရန်ဆန်တန်ချိန် (၁)သောင်း ဝယ်ယူဖြန့်ခွဲမည့် အခြေအနေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်း ချိတ်ဆက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် လုပ်ငန်း ကော်မတီများမှ တာဝန်ရှိသူများက ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)၏ လက်ရှိအခြေအနေ၊ မုန်တိုင်းဦးတည်ရာလမ်းကြောင်း၊ မုန်တိုင်းပြင်းအားနှင့် မုန်တိုင်း ဖြတ်သန်းဝင်ရောက်မည့် အခြေအနေ၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မုန်တိုင်းဖြတ်သန်း ဝင်ရောက်နိုင်သည့် မြို့နယ်များတွင် လုံခြုံရေးပိုင်းဆိုင်ရာ အသင့်ပြင်ဆင်ထားရှိမှု၊ အရေးပေါ် ဆက်သွယ်ရေးအတွက် ပြင်ဆင်ထားရှိမှု၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား၊ ယာဉ်အင်အား၊ စက်ပစ္စည်း ကိရိယာအင်အားများ စုဖွဲ့ထားရှိမှု၊ Cyclone Shelter နှင့် ဘေးလွတ် ရာနေရာများသို့ ပြောင်းရွှေ့ပြီးစီးမှုနှင့် ဆက်လက်ပြောင်းရွှေ့ရန် စီစဉ်ထားရှိမှု၊ ဆက်သွယ်မှု ကောင်းမွန်စေရေး ဆက်သွယ်ရေးစက်နှင့် Satellite Phone များ တပ်ဆင်ထားရှိမှု၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိမှု၊ ရခိုင်ပြည်နယ်သို့ ရွေ့လျားရေ သန့်စင်စက်ပေးပို့ပြီးစီးမှု၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ စေလွှတ်ပြီးစီးမှုနှင့် ဆက်လက်စေလွှတ်ရန် စီစဉ်ထားရှိမှု၊ လူနာတင်ယာဉ်နှင့် ဆေးရုံများ အသင့်ပြင်ဆင်ထားရှိမှု၊ ဆေးဝါးများနှင့် ရေသန့်ဆေးပြားများ ပို့ဆောင်ထားရှိမှု၊ ဘေလီတံတားနှင့် လူအင်အားစုဖွဲ့ထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာတဲများ၊ တာပေါ်လင်စများ အသင့်ပြင်ဆင်ထားရှိမှု စသည်ဖြင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် DMC အဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားလှယ်က မုန်တိုင်းဒီရေ မြင့်တက်လာပါက ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ ပြည်ထောင်စုဝန်ကြီးတို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment