ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြေးဖြေးအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင်ရောက်နိုင်သည့် အခြေအနေ ရှိနေသဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များအား ဇာတ်တိုက် လေ့ကျင့်ခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ရေကြည်မြို့တို့၌လည်းကောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်နယ်မီးသတ်ရုံနေရာ၌လည်းကောင်း အသီးသီးစုဖွဲ့၍ နယ်မြေခံတပ်မတော်သားများက ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ပူးပေါင်း၍ ဇာတ်တိုက်လေ့ကျင့်မှုများ၊ ပြင်ဆင်စုဖွဲ့မှုများကို ဆောင်ရွက်ကြသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင်
သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊
ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအထောက်အကူပြုပစ္စည်းများ သိုလှောင်ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံ
ကာကွယ်ရေးအဆောက်အဦ(Cyclone Shelter) များ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ် (၅) မျိုးနှင့်
သောက်သုံးရေလုံလောက်စွာရရှိရန် ဆောင်ရွက်ထားရှိခြင်းတို့ကို သက်ဆိုင်ရာနယ်မြေအလိုက်
ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ယနေ့တွင်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများပြားနိုင်သော
အနိမ့်ပိုင်းရပ်ကွက်များနှင့် ပင်လယ်ကမ်းခြေတစ်လျှောက် ကျေးရွာများမှဒေသခံပြည်သူများအား
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် လူမှုရေးအသင်း
အဖွဲ့များ ပူးပေါင်းပါဝင်သည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက မုန်တိုင်းဒဏ်ခံ ကာကွယ်ရေးအဆောက်အဦ(Cyclone
Shelter) များ၊ မူလစီမံသတ်မှတ်ထားသည့် ယာယီခိုလှုံရာစခန်းအသီးသီးတွင် စနစ်တကျရွှေ့ပြောင်း
နေရာချထားပေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့အား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား
ရင်းရင်းနှီးနှီးအားပေးစကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အပြင်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့တွင်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဦးထိန်လင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး အစည်းအဝေးတက်ရောက်လာကြသူများ၏
တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment