Friday, May 19, 2023

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) စကားဝိုင်းဆွေးနွေးပွဲများကျင်းပ

နေပြည်တော် မေ ၁၈

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို မေ ၁၈ ရက်မှ ၂၀ ရက်အထိ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပလျက်ရှိသည်။

ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက်ရောက်၍ Keynote Speech ပြောကြားရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၃)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် ချက်နှင့်အညီ “မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး” ဦးတည်ချက်ဖြင့် ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခု ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း၊ ပညာရေးမြှင့်တင်ခြင်းသည် ပညာရှာမှီးသူ ပုဂ္ဂိုလ်များကိုသာမက လူ့အသိုင်း အဝိုင်းနှင့် မျက်မှောက်ကမ္ဘာကြီးတစ်ခုလုံး၏ အနာဂတ်ကို ပုံဖော်နေခြင်းဖြစ်ကြောင်း၊ လူငယ် လူရွယ်များ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေးအတွက် ပညာရေးနိမ့်ကျနေမှုကို ကုစားနိုင်မည့် နည်းလမ်းများကိုဖော်ထုတ်ပြီး ပညာရေးတိုးတက်အောင် မြှင့်တင်ပေးနိုင်မည့်နည်းလမ်းများ ပေါ်ထွက် လာအောင် ဆွေးနွေးရေးသည် ယခုပညာရေး ညီလာခံကြီး ကျင်းပရန်ဖြစ်ပေါ်လာသည့် အကြောင်း တရား တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ညီလာခံကြီး ကျင်းပရသည့် ရည်ရွယ်ချက် ၇ ချက်ကို လမ်းညွှန်ပေးခဲ့ပါကြောင်း။

ယင်း ၇ ချက်မှာ- (၁) ပညာရေးတန်းစဉ် ကူးပြောင်းမှုနည်းပါးခြင်းကို ကုစားနိုင်မည့် နည်းလမ်းရှာရန်၊ (၂) KG +9 ပညာရေးကို အမျိုးသား ရေးကိစ္စတစ်ရပ်အဖြစ် တိုင်းဒေသကြီး/ ပြည်နယ် အားလုံး ဆောင်ရွက်ရန်၊ (၃) အသက်မွေးဝမ်းကျောင်း အခြေခံရရှိရေး အတွက် KG+10၊ 11၊ 12 တွင် စိုက်ပျိုး၊ မွေးမြူရေး၊ နည်းပညာရပ်များ သင်ကြားရေး၊ (၄) လုပ်ငန်းခွင် လက်တွေ့အသုံးကျမည့် စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုသိပ္ပံများ ထိရောက်စွာ သင်ကြားရန် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး၊ (၅) အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း အထောက်အကူပြုစေမည့် ပတ်ဝန်းကျင်ဖြင့် သင်ကြားရေး၊ (၆) ဝိဇ္ဇာ၊ သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ မွေးထုတ်ရေး၊ (၇) လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်ရှိစေရေးတို့ ဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်ရေးကို မူဝါဒချမှတ် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ စာရင်း ဇယားများအရ ကျောင်းသား ကျောင်းသူများ တန်းစဉ်ကူးပြောင်းမှု နည်းပါးနေကြောင်း တွေ့ရ သည့်အတွက် ကုစားနိုင်မည့် နည်းလမ်းများကို ဆွေးနွေးအဖြေရှာပြီး အနည်းဆုံး KG+9 ပြီးဆုံး သည်အထိ တက်ရောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်နေပါကြောင်း၊ ခရိုင် ၅၀ တွင် ယခုဇွန်လကစတင်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေး အထက်တန်းကျောင်း ၅၁ ကျောင်း အသစ်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ထိုကျောင်းများတွင် ၃ နှစ် တက်ရောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်ကြသကဲ့သို့ ထူးချွန်သူများအနေဖြင့်လည်း အဆင့်မြင့်ပညာများကို ဆက်လက်ဆည်းပူးခွင့် ရရှိမည်ဖြစ်ပါ ကြောင်း၊ သက်မွေးအခြေခံပညာများ တတ်မြောက်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းအားဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြု နိုင်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပညာရေး တိုးတက်မြင့်မားရေးတွင် အဟန့်အတားဖြစ်နေသော အကြောင်းရင်းများကိုဆွေးနွေးအဖြေရှာပြီး ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအကြံပြု ဖော်ထုတ်ကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံ အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းရင်း ပညာရေးညီလာခံကြီး အောင်မြင်စေရန် ဆန္ဒပြု အပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion) ကိုကျင်းပရာ စကားဝိုင်းဆွေးနွေးပွဲ - ၁ (Panel Discussion-1) တွင် Moderator အဖြစ် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ Panelists များအဖြစ် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေးတက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်သိုက်ထွန်း၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းတို့က ဆောင်ရွက်ကြပြီး “ကျောင်းတက် သူဦးရေ တိုးတက်ရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်ရေး နည်းလမ်းများဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း။

စကားဝိုင်းဆွေးနွေးပွဲ-၂ (Panel Discussion-2) တွင် Moderator အဖြစ် ပညာရေးဝန်ကြီးဌာန မကွေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ခင်မောင်ဦး၊ Panelists များအဖြစ် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်၊ ပညာရေးဝန်ကြီးဌာန ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နေဝင်းဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမြမြဦးနှင့် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းတို့က ဆောင်ရွက်ကြပြီး “အဆင့်မြင့်ပညာကဏ္ဍတွင် ဘာသာရပ်ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း တိုးတက်မြင့်မားမှုကို အထောက်အကူပြုစေမည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ လုံလောက်စွာမွေးထုတ်ရေး နည်းလမ်းများ ဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း။

စကားဝိုင်းဆွေးနွေးပွဲ-၃ (Panel Discussion-3) တွင် Moderator အဖြစ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ Panelists များအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်း၊ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက် တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာဇော်ဝင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင် တို့ကဆောင်ရွက်ကြပြီး “KG+9 အလွန် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနည်းပညာနှင့် အသက်မွေး ဝမ်းကျောင်းပညာ အခြေခံရရှိရေးအတွက် ဆောင်ရွက်သင့်သည့်နည်းလမ်းများ ဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသူများကလည်း တက်ကြွစွာ ပါဝင်မေးမြန်းခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment