Wednesday, May 3, 2023

မြန်မာ - တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပ

 


နေပြည်တော် မေ ၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မေ ၂ ရက်မှ ၄ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

 


ခရီးစဉ်အတွင်း မေ ၂ ရက် ညနေ ၆ နာရီ မိနစ် ၄ဝ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်းတို့ ဦးဆောင်၍ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပပြုလုပ်သည်။

နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံ အကြားရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာ ရေး၊ နှစ်နိုင်ငံအကြား အကောင် အထည်ဖော်လျက်ရှိသည့် စီမံကိန်းများနှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအောက်မှ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံ၊ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့နှင့် ကုလသမဂ္ဂတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များအပြင် ဒေသတွင်းနှင့် နိုင်ငံတကာအကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ညပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ညစာဖြင့်တည်ခင်း ဧည့်ခံခဲ့သည်။

 သတင်းစဉ်

No comments:

Post a Comment