Monday, May 8, 2023

၂၀၂၃ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

 

နေပြည်တော် မေ ၈

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ် သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

 

ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းများကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၃ ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၁၅ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်သင်တန်းစခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ တပ်မတော်(ရေ)ရေကြောင်း လူငယ်သင်တန်းစခန်း ၁၁ ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။

အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း(အငယ်တန်းအဆင့်) သင်တန်းစခန်း ၁၇ ခုမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၈၀ ဦးတို့သည် ယနေ့တွင် မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၊ လေယာဉ်မောင်းသင်ကျောင်းရှိ Flight Line နှင့် လေကြောင်းထိန်းဌာနတို့တွင် တပ်မတော် (လေ)၏ နေ့စဉ် လုပ်ငန်းဆောင်တာများအား လက်တွေ့ကွင်းဆင်း လေ့လာခြင်းများ ဆောင်ရွက်ကြပြီး RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ ရဟတ်ယာဉ် Drone များ လေ့ကျင့်ပျံသန်းခြင်းတို့ကို သက်ဆိုင်ရာနည်းပြများ၏ ကြီးကြပ်မှုဖြင့် လေ့ကျင့်သင်ကြားခဲ့ကြသည်။

ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံ လေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ် သင်တန်း(အငယ်တန်းအဆင့်)သင်တန်းများ လေ့ကျင့်သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment