Sunday, May 7, 2023

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရန်ကုန်မြို့ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းမိသားစုဝန်ထမ်းအိမ်ရာသစ်နှင့် သီရိအဏ္ဏဝါခန်းမသစ် ဖွင့်လှစ်ခြင်း အခမ်းအနားတက်ရောက်

 


နေပြည်တော် မေ ၆

နိုင်ငံတော်ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းမိသားစုဝန်ထမ်းအိမ်ရာသစ်နှင့် သီရိ အဏ္ဏဝါခန်းမဆောင်သစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဌာနမြေတွင် အသစ်ဆောက်လုပ်ပြီးစီးနေသည့် စက်ဆန်းမိသားစုဝန်ထမ်းအိမ်ရာသစ်သို့ ရောက်ရှိပြီး အိမ်ရာဖွင့်ပွဲအခမ်းအနား မုခ်ဦးနေရာ၌ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီးဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဧည့်သည်တော်များနှင့်အတူ ရှစ်ခန်းတွဲ၊ (၆)ထပ် အဆောက်အအုံသစ် နှစ်လုံး၊ အရာထမ်း/အမှုထမ်း လူပျိုဆောင် အဆောက်အအုံသစ် နှစ်လုံး၊ ဘက်စုံသုံး ခန်းမဆောင်သစ် (Multi-Function Assembly Hall) အဆောက်အအုံတစ်လုံးနှင့် ဝန်ထမ်းမိသားစုဆေးခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ သီရိအဏ္ဏဝါခန်းမဆောင်သစ်နှင့် အိမ်ရာသစ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သီရိအဏ္ဏဝါခန်းမသစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့နှင့်အတူ ခန်းမသစ်ရှိ ဖွင့်ပွဲအထိမ်းအမှတ်ကမ္ပည်း မော်ကွန်းအား အမွေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်နှင့် မိခင်ဌာနအနေဖြင့် ဝန်ထမ်းများ၏ နေထိုင်မှုအဆင်ပြေစေရေး၊ သက်သာချောင်ချိရေး၊ သွားလာမှုအဆင်ပြေစေရေး၊ ဝန်ထမ်းမိသားစုများအားလုံး တစ်စုတစ်စည်းတည်း စုပေါင်းနေထိုင်နိုင်စေရေးတို့အတွက် ရည်ရွယ်ချက်ကောင်း၊ စေတနာကောင်းများဖြင့် ဤသို့သော အဆင့်မြင့်အိမ်ရာများ စီစဉ်ဆောင်ရွက်ထားမှုအတွက် ဝန်ထမ်းများကလည်း မိခင်ဌာနအပေါ်တွင် ဂုဏ်ယူ၊ သစ္စာရှိ၊ သံယောဇဉ်ထားကြပြီး ပေးအပ်သည့်တာဝန်ဝတ္တရားများကို အားသွန်ခွန်စိုက် စေတနာပြည့်ဝစွာဖြင့် ထမ်းဆောင်သွားကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး (၃၀) စသည့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာကျင့်ကြံသွားကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေ မြောက်မြားစွာ ကုန်ကျခံတည်ဆောက်စီစဉ်ပေးထားခြင်း ဖြစ်သောကြောင့် ဤဝန်ထမ်းအိမ်ရာတစ်ခုလုံးနှင့် ပတ်ဝန်းကျင်ကို ရေရှည်တည်တံ့အောင်၊ အစဉ်အမြဲသန့်ရှင်းသာယာ လှပနေအောင် အားလုံးက တက်ညီလက်ညီဖြင့် ထိန်းသိမ်းစောင့်ရှောက် သွားကြရန်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။ ထို့နောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက စက်ဆန်းမိသားစု ဝန်ထမ်းအိမ်ရာ၊ ဘက်စုံသုံးသီရိအဏ္ဏဝါခန်းမတို့နှင့် စပ်လျဉ်းသည့် အချက်အလက်များအား ရှင်းလင်းတင်ပြပြီး တည်ဆောက်ရေးမှတ်တမ်းတင် Video Clip ပြသသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ စက်ဆန်းမိသားစုဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းကို (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်မှ စတင်စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယနေ့ဖွင့်လှစ်သည့် အဆောက်အအုံများ အပါအဝင် လူနေအဆောက်အအုံ ၁၂ လုံး၊ အိမ်ခန်း ၄၅၆ ခန်း၊ ဘက်စုံသုံးခန်းမ တစ်ခုနှင့် မိသားစုဆေးခန်း တစ်ခန်းတို့ပါရှိကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ဘူတာကြီးဝင်းအတွင်းရှိ Rail Bus Engine-RBE စက်ခေါင်းရုံသို့ရောက်ရှိပြီး စက်ခေါင်းရုံအတွင်း၌ West Corporation က ပြုပြင်လွှဲပြောင်း ပေးအပ်ထားပြီးဖြစ်သည့် RBE (၈)တွဲအား အသုံးပြုနေမှုနှင့် လွှဲပြောင်းပေးအပ်ရန် ကျန်ရှိနေသည့် RBE (၇)တွဲတို့အား မွမ်းမံပြင်ဆင်မှုနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် သတ်မှတ်အချိန်ဇယားနှင့်အညီ ပြီးစီးရေး၊ တွဲများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ခုတ်မောင်းပြေးဆွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ရေရှည်အသုံးပြုနိုင်ရေးလိုအပ်သည့် ရထားခရီးစဉ်များတွင် အင်အားဖြည့်တင်းသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်ကိစ္စများကို မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ဘူတာကြီး ဧည့်ခန်းမဆောင်၌ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအကြီးအမှူးများကိုတွေ့ဆုံ၍ ဘင်္ဂလားပင်လယ်အော်၌ မကြာမီ ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အခြေအနေသတင်းများကို မျက်ခြည်မပြတ် စောင့်ကြည့်လျက် ဝန်ထမ်းများထံသို့ သတင်းမှန်များ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိစေရေး၊ မိမိဌာန၏ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများအပေါ် ထိခိုက်လာနိုင်ခြေများကို ကြိုတင်သုံးသပ်လျက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားနိုင်ရေး၊ လေယာဉ်၊ ရေယာဉ်၊ ရထားခရီး စဉ်များပြေးဆွဲမှုကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲ စီမံနိုင်ရေး၊ လေယာဉ်များကို မုန်တိုင်းလွတ်ကင်းရာ လေယာဉ်ကွင်းနေရာများသို့ ယာယီရွှေ့ပြောင်း ရပ်နားနိုင်ရေး၊ ဌာနပိုင်ရေယာဉ်များအား အနီးစပ်ဆုံးဆိပ်ကမ်းနှင့် သင်္ဘောကျင်းများတွင် အချိန်မီ စနစ်တကျ လွန်းတင်ကမ်းထိုး ရပ်နား ထိန်းသိမ်းနိုင်ရေး၊ ရထားစက်ခေါင်း၊ လူစီးတွဲ၊ ကုန်တွဲများ လေပြင်းဒဏ်ကြောင့် လိမ့်ထွက်ကာ ရထားမတော်တဆမှုများ မဖြစ်ပေါ်အောင် သတ်မှတ်ထားသည့် ထိန်းသိမ်းမှုနည်းစနစ်အတိုင်း လိုက်နာဆောင်ရွက်ရေး၊ ဆက်သွယ်ရေးစနစ်များ ပြတ်တောက်မှုဖြစ်ပေါ်ပါက အမြန်ဆုံးပြန် လည်ချိတ်ဆက်နိုင်ရန်အတွက် အရန်ဆက်သွယ်ရေးစနစ်များ စီစဉ်ထားရှိရေး၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာရပါက ဌာနအချင်းချင်း ထိရောက်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်နိုင်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 သတင်းစဉ်

No comments:

Post a Comment