Sunday, May 14, 2023

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်အမှတ်စဉ်(၃၀/၂၀၂၃)

 


(၂၀၂၃ ခုနှစ်၊ မေလ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

(က) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့အနီးမှကုန်းတွင်းသို့ ဖြတ်ကျော်လျက်ရှိပါသည်။

 


(၂) မုန်တိုင်းသည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်လျက်ရှိပါသဖြင့်အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ယနေ့ညပိုင်းတွင် ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့ကို အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အနေဖြင့်လည်းကောင်း၊ (၁၅.၅.၂၀၂၃)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးကို ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အနေဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်ကို ကုန်းတွင်း မုန်တိုင်းငယ်အနေဖြင့်လည်းကောင်း ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ) သတိပေးနှိုးဆော်ချက်  

(၁) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏အရှိန်ကြောင့် ယနေ့ညနေမှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(၂) နောက်(၂၄)နာရီအတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၉၀)မှ မိုင်(၁၀၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၄)ပေမှ ပေ(၁၈)ခန့်ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှလှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ(၁၄)ပေခန့် ရှိနိုင်ပါသည်။

(၃) ရခိုင်ပြည်နယ်၌ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင်(၉၀)မှ မိုင် (၁၀၀)ခန့်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)ခန့်အထိနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင်(၄၀)မှ မိုင်(၅၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(၄) မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၁၄)ပေမှ ပေ(၁၈)ခန့်အထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းရပါသည်။

(၅) အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ အရှိန်ကြောင့် မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသူများအနေဖြင့် မုန်တိုင်းဒီရေ အန္တရာယ်ကိုကြိုတင်သတိပြုရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ကြပါရန်၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ လုံးဝ (လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် သွားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

No comments:

Post a Comment