Thursday, May 18, 2023

လေမုန်တိုင်းကျရောက်ပြီးနောက် ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ပါ

 


လေမုန်တိုင်းကျရောက်ပြီးနောက် ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအသောက်များကို စားသောက်မိ ခြင်းမှတစ်ဆင့်ကူးစက်ဖြစ်ပွား၍ အသက်အန္တရာယ်ထိခိုက်နိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအသွင်ဖြင့်လည်း ဖြစ်ပွားနိုင်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပါက အရည်ဝမ်းများသွားခြင်း၊ အော့အန်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စသည်တို့ဖြစ်ပွားနိုင်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။

အကယ်၍ နာရီပိုင်းအတွင်းမှာပင် ဆန်ဆေး ရည်အရောင်ဝမ်းများ အဆက်မပြတ်သွားခြင်း သို့မဟုတ် တစ်နေ့တည်းတွင် ဝမ်းအရည်သုံးကြိမ်နှင့်အထက် ဝမ်းသက်ခြင်း၊ ဝမ်းတွင် သွေးပါခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ပျော့ခွေခြင်း၊ အရည်ကောင်းစွာ မသောက်နိုင်ခြင်း သို့မဟုတ် ခံတွင်းခြောက်၍ ရေအငမ်းမရသောက်ပြီးနောက် ထိုရေအတိုင်း ဝမ်းသွားခြင်း၊ ပြန်အန်ထွက်ခြင်း စသည့်ရောဂါလက္ခဏာများပြနေပါက ဓာတ်ဆားရည်များများသောက်၍ နီးစပ်ရာဆေးရုံဆေးခန်းသို့ အချိန်မဆိုင်းဘဲ ပြသင့်သည်။

လေမုန်တိုင်းကျရောက်ပြီးနောက် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရန်အောက်ပါ အချက်အလက်များကို တိကျစွာလိုက်နာကျင့်သုံး ကြရမည်ဖြစ်သည်။

(က) သောက်သုံးရေသန့်ရရှိရေး

FDA အသိအမှတ်ပြုသောက်ရေသန့်ကိုရရှိရန် အခက်အခဲရှိပါကသောက်ရေကို ကျိုချက်၍ လည်းကောင်း၊ သောက်သုံးရေကိုကျန်းမာရေးဌာန ၏ညွှန်ကြားချက်အတိုင်း စနစ်တကျ ရေသန့်စင် ဆေးပြားခတ်၍လည်းကောင်း၊ ကလိုရင်းဆေးကို နည်းစနစ်တကျခတ်၍လည်းကောင်း အသုံးပြုပါ။

(ခ) လက်သန့်စင်ရေး

အစားအစာများ ကိုင်တွယ်ပြင်ဆင်ခြင်းမပြုမီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးချိန်တိုင်း ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံးစက္ကန့် ၂၀ ကြာအောင်လက်ကို စနစ်တကျဆေးကြောပါ။ လေမုန်တိုင်းရှောင်စခန်းများ၊ ကယ်ဆယ်ရေးစခန်း များတွင် လက်သန့်စင်ရေးအတွက် ဆပ်ပြာနှင့်ရေများ အသင့်ထားရှိပေးရန် လိုအပ်ပါသည်။

(ဂ) အစားအစာသန့်ရှင်းရေး

အစားအစာများကို သန့်ရှင်းစွာချက်ပြုတ်၍ ယင်မနားစေရန် ဖုံးအုပ်ပါ။ အစားအစာများကို ပူပူ နွေးနွေးစားပါ။ မှိုတက်နေသာအစားအစာများ၊ ယင်နားစာများ၊ အမှည့်လွန်သောအသီးများကို မစားပါနှင့်။

(ဃ) အိမ်သာသန့်ရှင်းရေး

သန့်ရှင်းသော ယင်လုံအိမ်သာများ အသုံးပြုပါ။ အခြားသူများသို့ ဆက်လက်၍ မကူးစက်နိုင်အောင် ဝမ်းသွားပြီးတိုင်း သန့်စင်ခန်း (အိမ်သာ) ကို ရေနိုင်နိုင်လောင်းချသင့်ပါသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါခံစား‌ရသည့် လူနာ၏အညစ်အကြေးများ၊ အဝတ်အစားများကို သောက်သုံးရေကန်များ အနီးတွင် လျှော်ဖွပ်ခြင်းမပြုရပါ။

ဝမ်းပျက်ဝမ်းလျှောရောဂါအတွက်

အိမ်တွင်းကုထုံးများ

အောက်ပါ အိမ်တွင်းကုထုံးများက ဝမ်းပျက် ဝမ်းလျှောခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါ သည်။

ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေး သည့်အနေဖြင့် ရေကျက်အေး များများသောက်ပါ။ ဆားနှင့်သကြားကို ဆတူရောသောက်ပါ သို့မဟုတ် သီးစုံဓာတ်ဆားရည်သောက်ပါ။ လက်ဖက်ရည်ကြမ်းထဲကို သကြားအနည်းငယ်ထည့်သောက်ပါ။ ချင်းပြုတ်ရည်သောက်ပါ။ အမည်းရောင်ထန်းလျက်ကျိုပြီး အနည်စစ်သောက်ပါ။ အုန်းစိမ်းရည်သောက်ပါ။ (မည်သည့်အရည်မျိုးကိုပဲ သောက်သောက် အအေးခံသောက်ပါ)

ဒိန်ချဉ်စားပါ။ ဒိန်ချဉ်ထဲတွင်ပါရှိသော လက်တစ်အက်ဆစ်က အစာအိမ်နှင့်အူလမ်း ကြောင်းထဲရှိ ဝမ်းသွားစေတတ်သော ဗက်တီးရီးယားပိုးများကို သေစေနိုင်ပါသည်။ (ဒိန်ချဉ်ထဲကို သကြား၊ ထန်းလျက်ရည် မရောဘဲ ဖြစ်နိုင်လျှင်သူ့ချည်းစားပါ)

ဝမ်းသွားခြင်း ရပ်တန့်သွားသော်လည်း နောက် ၁၀ ရက်ခန့်ကြာသည်အထိ နို့ထွက် ပစ္စည်းများဖြစ်ကြသော နို့၊ ချိစ်၊ ဒိန်ခဲ၊ မလိုင်၊ ပူတင်း၊ ကော်ဖီတို့ကို မစားသောက်သင့်ပေ။

အာဟာရအပြည့်မြန်ကာ မပျော့လွန်းမမာလွန်း ကစီဓာတ်ကြွယ်ဝသောအစားအစာများ ဖြစ်ကြသည့် ထမင်း၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ခေါက်ဆွဲ၊ အာလူး၊ မုန်လာဥနီ၊ ကြက်သား၊ ငါး၊ ဘီစကွတ်မုန့်တို့ကို စားပေးနိုင်ပါသည်။

အမျှင်ဓာတ်များသော အစားအစာများကအစာအိမ်နှင့်အူတို့ကို အလုပ်ရှုပ်စေသဖြင့် ဝမ်းလျှောပြီးနောက် သုံး၊ လေးရက်ခန့် ကြာသည်အထိ မစားသင့်ပေ။ (ကွေကာအုပ် ကလည်း အမျှင်ဓာတ်များသောအစားအစာ ဖြစ်၍ရှောင်ပါ)

လိမ္မော်သီးအခွံများကလည်း ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် ကောင်းကျိုးပြုနိုင်သောကြောင့် လိမ္မော်ခွံကို ပြုတ်၍သော်လည်းကောင်း၊ ရေနွေးဆူဆူတွင်ခတ်၍သော်လည်းကောင်း အအေးခံသောက်သုံးသင့်ပါသည်။

ဇီးသီးလုံးခန့် ပမာဏရှိသောနနွင်းမှုန့်ကို ရေနွေးကြမ်းဖြင့် သုံးရက်ဆက်တိုက် သောက်ပါ။ လုံးဝပျောက်ကင်းနိုင်ပါသည်။

သီးသီးအမှည့်၊ သစ်ကြားသီးစားပါ။ ရေသဖန်းပင်အခေါက်ကို ပြုတ်သောက်ပါ။ မန်ကျည်း သီးစိမ်းစားပါ။ ပိန္နဲပွင့်သုပ်၊ ပိန္နဲသီးအနုဟင်းချက်စားပါ။ စမုန်နက်စားပါ။ ကရဝေးသီးစားပါ။ ကြေးပန်းအရွက်ကို ပြုတ်သောက်ပါ။ ကြောင်လျှာမြစ် ပြုတ်သောက်ပါ။ သရက်စေ့အဆန်ကို ဝါးစားပါ။ ကြာဖြူကြာညိုဝတ်ဆံများ စားပေးပါ။ ငါးပြက်စားပါ။ ဂျီသား(ချေ) စားပါ။ ပရန္နဝါမြစ် သွေး၍သောက်ပါ။ ဇာတိပ္ဖိုလ်သီးသွေးသောက်ပါ။ ဆန်ဆေးရည်သောက်ပါ။ ကရမက် သွေး၍သောက်ပါ။

မြေအိုးတစ်လုံးထဲတွင် ကန်စွန်းရိုးနီ ၁၁ ပင်ကို သင့်သလိုဖြတ်တောက်၍ အညိုရောင် ထန်းလျက် ၁၅ ကျပ်သားထည့်ကာ ကန်စွန်းပင်များ ရေမြုပ်သည်အထိ ရေဖြည့်၍ ကန်စွန်းညွန့် များ နူးအိလာအောင် ပြုတ်ပေးပါ။ ထိုပြုတ်ရည် နွေးနွေးကို ရေဆာတိုင်း သောက်ပါ။ တစ်ကြိမ် သောက်လျှင် ရေနွေးကြမ်းပန်းကန်လုံး တစ်လုံး စာ သောက်ရပါမည်။ ဤနည်းအတိုင်း ငါးကြိမ်၊ ခြောက်ကြိမ်ခန့် သောက်ပြီးပါက သူ့အလိုလို ဝမ်းရပ်သွားပါလိမ့်မည်။

အချုပ်အားဖြင့်ဆိုသော် ဝမ်းပျက်ဝမ်းလျှောခြင်းသည် မိုးတွင်းကာလတစ်ခုတည်းတွင်သာ မဟုတ်ဘဲ အချိန်ကာလမရွေး၊ လူကြီးလူရွယ်လူငယ်မရွေး အခန့်မသင့်လျှင်ဖြစ်တတ်သည့် အဖြစ်များသောဝေဒနာများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှုန်း များပြားပြီး ၎င်းရောဂါသည် မြန်မာနိုင်ငံတွင် ဒုတိယအဖြစ်အများဆုံး ကလေးရောဂါတစ်ခုဖြစ် ကြောင်းနှင့် အထူးသဖြင့် လေမုန်တိုင်းကျရောက်ပြီးနောက် ဖြစ်ပွားနိုင်သည့် ရောဂါလည်းဖြစ်သဖြင့် အထက်တွင် ဖော်ပြထားသောအချက်အလက်များအတိုင်း ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ထားကြစေလိုကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ပေါက်ပေါက်

No comments:

Post a Comment