Thursday, May 4, 2023

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၆/၂၀၂၃)

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် ၃၁/ ၂၀၂၃ ဖြင့် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်း အသီးသီးတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - က အရ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူ ၂၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုလျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါသည်။

၂။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် ၃၂/ ၂၀၂၃ ဖြင့် အကျဉ်းထောင် အသီးသီးတွင် သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား/ သူ ၃၈ ဦးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ချမှတ်ထားသည့် သေဒဏ် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေခဲ့ပါသည်။

၃။ ဤဆောင်ရွက်မှုသည် လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အကျိုးဆက်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများသည် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့်ရကြပြီး သေဒဏ်လွတ်ငြိမ်းခွင့် ရကြသူများအနေဖြင့်လည်း အသက်ရှင်သန်ခွင့်ရရှိကြပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် သက်ဆိုင်ရာ မိသားစုဝင်များနှင့် ထပ်တူ လွန်စွာဝမ်းမြောက်ပီတိဖြစ်ရပါသည်။

၄။ အလားတူ အပြုသဘောဆောင်သောခြေလှမ်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကော်မရှင်အနေဖြင့် မျှော်လင့်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်

No comments:

Post a Comment