Tuesday, May 30, 2023

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော် မေ ၂၉

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားခွဲရုံမှူးများ၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅) တည်ဆောက်ရေးမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝဏ္ဏက ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ ဓာတ်အားပေး စက်ရုံများနှင့် ဓာတ်အားခွဲရုံများ၊ စက်မှုဇုန်၊ မွေးမြူရေးဇုန်နှင့် ဘိလပ်မြေစက်ရုံများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု၊ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားသော လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်၊ပြင်ဆင်နိုင်ရန်အတွက် ကျွမ်းကျင်ဝန်ထမ်းများ စေလွှတ်ထားမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ အမှတ်(၅) တည်ဆောက်ရေးညွှန်ကြားရေးမှူး ဦးတိုးလွင်က လက်ရှိတည်ဆောက်လျက်ရှိသော အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ၇၆ ဒသမ ၅၇ ရာခိုင်နှုန်းပြီးစီးနေမှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ကုန်တွင် ၈၂ ဒသမ ၇၆ ရာခိုင်နှုန်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအမံများနှင့် ၂၀၂၅ ခုနှစ်တွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအား အထူးဂရုပြု၍ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ရေအားစက်ရုံများ၏ ရေသိုလှောင်နိုင်မှု၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံများတွင် သဘာဝဓာတ်ငွေ့ရရှိမှုများကို ချိန်ဆ၍ ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဓာတ်အားပေးစက်များအား ဝန်အားထိန်းညှိမောင်းနှင်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ရပါကြောင်း၊ လျှပ်စစ် ဓာတ်အားကို တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ်နှင့် အပူ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ ထပ်မံတည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ပါ၍ ဝန်ထမ်းများအနေဖြင့်လည်း ဓာတ်အားပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေသည့််လုပ်ငန်းများအပေါ် အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန်နှင့် မိမိတို့၏ မြို့နယ်များအလိုက် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တာဝန်ထမ်းဆောင်စဉ် အခက်အခဲရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်သကဲ့သို့ ဝန်ထမ်းများနှင့် အနီးကပ်ရှိနေသော တာဝန်ရှိသူများ ကလည်း လိုအပ်သည့် အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း မှာကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment