ကျောင်းသားမိဘတစ်ဦး
“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ မေ ၂၃ ရက်မှ ၃၁ ရက်အတွင်း ကျောင်းအမြန်အပ်နှံစို့”
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကျွန်တော်၏လက်ကိုင်ဖုန်းထဲသို့ ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနကပေးပို့သော အထက်ပါမက်စ်ဆေ့ နှိုးဆော်လွှာလေးတစ်ခုရောက်ရှိလာသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စတင်တော့မည်။ ယခုပညာသင်နှစ်တွင် Grade-9 နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
မကြာမီ မုတ်သုံမိုးဦးဝင်ရောက်လာတော့မည်။ တောင်လေဖြူးသည့် ဤလရာသီတွင် ပင်အိုပင်ပျိုတို့သည် မုတ်သုံမိုးစက်ပွင့်များနှင့်အတူ စိမ်းမြမြနှင့် ယိမ်းကကြပေတော့မည်။ စာသင်ရန်ကျောင်းတံခါး တွေလည်း တစ်ကြိမ်ပြန်ပြီး ဖွင့်လှစ်တော့မည်။ အဖြူနှင့်အစိမ်း ကျောင်းဝတ်စုံကိုယ်စီ ဆင်မြန်းထားသော ချစ်စဖွယ်ရင်သွေးငယ်များကို ကြည်နူးစွာတွေ့မြင်ကြရတော့မည်။
ခေါင်းလောင်းသံချိုမြမြကို ပြန်လည်ကြားယောင်လာသည် -
“လဲနေသူထူပေးပါ။
အားငယ်သူအားပေးပါ။
ရေထဲကလူ ဆယ်ယူပါ။
အကူအညီပေးပါ။”
“အိမ်လမ်း ရွာကျောင်း၊ သန့်ရှင်းကြောင်း၊
စုပေါင်းအမှိုက်သိမ်း။”
ငယ်စဉ်သူငယ်တန်းကျောင်းသားဘဝ မြန်မာသင်ပုန်းကြီးဖတ်စာသစ်ထဲက ကဗျာများ၊ စာများသူ့အလိုလို အံကျလာသည် -
“အရွယ်ရောက်လာ၊ တို့ကျောင်းမှာ၊
ပညာသင်ကြားကြ။
ရွာ၏အလယ်၊ ဂုဏ်ယူဖွယ်၊
တင့်တယ်လှပေစွ။
ကျောင်းသား ကျောင်းသူ၊ ချစ်ကြည်ဖြူ၊
ညီတူဝတ်ဆင်ရ။
ကျောင်းပတ်ဝန်းကျင်၊ နေ့စဉ်ပင်၊
ပြုပြင်သန့်ရှင်းကြ။
ကျောင်းဥယျာဉ်မှာ၊ မျိုးစုံစွာ၊
ညီညာစိုက်ပျိုးကြ။
ကျောင်း၏စည်းကမ်း၊ မပျက်တမ်း၊
ဝန်ထမ်းစောင့်ထိန်းကြ။
တို့ကျောင်းကိုခင်၊ တို့ချစ်လျှင်၊
မြဲပင်လေးစားကြ။
ကျောင်း၏ကျေးဇူး၊ ပညာဖူး
ဆွတ်ခူးနေ့စဉ်ရ။
တို့ကျောင်းဂုဏ်ရောင်၊ တိုးမြှင့်အောင်၊
ရည်ဆောင်ကြိုးစားကြ”
ဟူသည့် တတိယတန်းမြန်မာဖတ်စာသစ်ထဲက “တို့ကျောင်း” ကဗျာလေးကိုလည်း နှုတ်တက်ရွရွ အံမိပြန်ပါသည်။
ဝလုံးလေးကိုဝိုင်းအောင်မရေးတတ်၍ ကျွန်တော့်လက်ဆစ်လက်ခေါက်ကို ပေတံဇောင်းဖြင့်ခေါက်၍ ခေါက်၍ သင်ကြားပေးခဲ့ပါသော သူငယ်တန်းပြဆရာမလေးအပါအဝင် ငယ်ဘဝက အနန္တကျေးဇူးရှင် ဆရာ ဆရာမများကို ပြန်လည်အမှတ်ရ အောက်မေ့လာမိသည်။
ငယ်ဘဝက ကျောင်းနေဖက်ငယ်သူငယ်ချင်း အများစုနှင့်မူကျောင်းသားစုံညီပွဲတော်များ၌ မကြာ ခဏဆုံတွေ့ဖြစ်သည်။ အချို့က အရာရှိအရာခံ၊ ကုန်သည်ပွဲစား၊ လုပ်ငန်းရှင်ဘဝတို့ဖြင့် တင့်တောင်း တင့်တယ်။ အချို့ကားလက်လုပ်လက်စားဘဝဖြင့် ဘဝကိုရုန်းကန်ဖြတ်သန်းလျက်။ ဘဝခရီးကို သက်သောင့်သက်သာဖြတ်သန်းသူ အများစုအားလေ့လာကြည့်လျှင် ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားပြီးမြောက်သူ၊ ဘွဲ့ရပညာတတ်များဖြစ်ကြလေသည်။ ဘဝခရီးကိုပင်ပန်းကြီးစွာ ဖြတ်သန်းနေကြသူအများစုမှာမူ ပညာရေးကိုဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ခဲ့ကြသူများ ဖြစ်နေလေသည်။
ရင်သွေးငယ်များကို ပညာတတ်များဖြစ်စေချင်
အချိန်နှင့် ဒီရေသည် လူကိုမစောင့်။ ကုန်လွန်သွားသည့်အချိန်ကာလများက ပြန်လည်၍မရစကောင်းပေ။ အချို့ကငယ်ရွယ်စဉ်မှာ ပညာကောင်းစွာမရှာခဲ့မိ၍ စိတ်ပျက်အားငယ်ကြရှာသည်။ သို့သော် သူတို့၏ တူညီသောဆန္ဒကား မိမိတို့၏ရင်သွေးငယ်များကို ပညာတတ်များဖြစ်စေချင်ကြသည်။ ဘဝပေးအသိ၊ ဘဝပေးသင်ခန်းစာများအရဖြစ်ပေလိမ့်မည်။
မှန်ပါသည်။ မိဘတို့သည် မိမိရင်သွေးငယ်များဘွဲ့ရပညာတတ်များ ဖြစ်လာစေရေးအတွက် ပညာသင်ချိန်တွင် ပညာသင်ကြားနိုင်မည့် အခြေခံအခွင့်အလမ်းကောင်းများကို ဖန်တီးဖော်ဆောင်ပေးရန် လိုအပ်သကဲ့သို့ ရင်သွေးငယ်များဘက်ကလည်း ဘွဲ့ရပညာတတ်များဖြစ်လာစေရန် ကိုယ်တိုင် ကြိုးစားသင်ကြားသင်ယူကြရမည်ဖြစ်သည်။ မိဘဟူသည်က အခြေခံအခွင့်အလမ်းကောင်းများကို ဖန်တီးဖော်ဆောင်ပေးရုံမျှသာတတ်နိုင်သည်။ ကိုယ့်ရင်သွေးငယ်များကို ဘွဲ့ရပညာတတ်ကြီး တစ်ယောက်ဖြစ်လာအောင် ဥုံဖွဟူ၍ မန်းမှုတ်လုပ်ဆောင်ပေးကာမရနိုင်ပေ။ ရင်သွေးငယ် ကျောင်းသားကိုယ်တိုင်က ကြိုးစားမှဖြစ်လာနိုင်မည့်အရာဖြစ်သည်။ ဆိုရလျှင် မိဘကသားသမီးကို ကျောင်းထားပေးရမည့် ဝတ္တရားရှိသလို သားသမီးကလည်း စာကြိုးစားရမည့်တာဝန်ရှိပေသည်။
သို့ရာတွင် အသိမိတ်ဆွေ ကျောင်းသားမိဘအချို့မှာမူ စိတ်ခံစားချက်များအရ ပြီးခဲ့သည့်နှစ်နှစ် တာကာလအတွင်း မိမိရင်သွေးငယ်များကို ကျောင်းအပ်နှံရေးအတွက် ပျက်ကွက်မှုအချို့လည်း ရှိခဲ့သည်။
“ကျွန်တော်တို့လူမျိုးသည် အရာရာအပေါ်ခံစားလွယ်လွန်း၊ သံသယရှိလွန်း၊ အလေးအနက် ထားလွန်းကြလျက် နိုင်ငံရေးနှင့်ဝါဒရေးရာတို့အား ဘဝဝယ်အရေးအကြီးဆုံးအရာသဖွယ် မှတ်ယူကြသည်။ နိုင်ငံရေးနှင့် ဝါဒရေးရာတို့ဟူသည် အရေးကြီးပေသည်မှန်သော်လည်း လူ့ဘဝဇာတ်ခုံ၌အဓိက အကျဆုံးတော့မဟုတ်ပေ။ လူသားအချင်းချင်းစည်းလုံးညီညွတ်စွာ လိုက်လျောညီထွေနေထိုင် ဆက်ဆံသွားနိုင်ရေးသည်သာ အဓိကပင်”ဟူသည့် ဒေါက်တာမောင်မောင်၏ တစ်ချိန်ကသုံးသပ် ရေးသားချက်အချို့ကို အမှတ်ရမိသော်လည်း မိမိရင်သွေးငယ်တို့၏ အနာဂတ်ဘဝကို ကာယကံရှင် မိဘများကိုယ်တိုင်သာ ကိုယ်ပိုင်သုံးသပ်ဆုံးဖြတ်ရမည့်ကိစ္စသာဖြစ်ပေသည်။
“နှုတ်မှုပညာကိုလည်းကောင်း၊ လက်မှုပညာကိုလည်းကောင်းငယ်၏ဟူ၍ မအောက်မေ့ရာ။ ကုန်စင်အောင် တတ်မူကား တစ်ခုတည်းသောအတတ်သည်လည်း အသက်မွေးကျောင်းဖြစ်လေသတည်း”ဟူသည့် လောကနီတိပါအတိုင်း အသိပညာ၊ အတတ်ပညာဟူသည် လောကလူသားတို့၏ ဘဝခရီးတွင် အရေးပါရုံသာမက အနာဂတ်နိုင်ငံတော်၏ ရှေ့အနာဂတ်ခရီးအတွက်လည်း အဓိကအကျဆုံးဖြစ်ပေသည်။
နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ အဓိကတည်ဆောက်ရခြင်းဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အသိပညာ၊ အတတ် ပညာပြည့်စုံသည့်ပညာတတ်များပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်နေသကဲ့သို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းသား ကျောင်းသူများအားလုံး အနည်းဆုံးအလယ်တန်း အဆင့်(KG+9) ပြီးမြောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ အလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ပြီး စိတ်ပါဝင်စား သူများတက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်းကို ခရိုင် ၅၀ တွင် ဖွင့်လှစ်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ပပညာတော်သင်များ မျှော်မှန်းနိုင်
အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသားလူငယ်များအနေဖြင့် အခြေခံပညာ(အထက်တန်း)၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး အတတ်ပညာ၊ မွေးမြူရေးအတတ်ပညာစသည့် ပညာရေးလမ်းသွယ်လေးမျိုး သင်ယူနိုင်မည့်အခွင့် အလမ်းများကိုရရှိနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်သည်။ ထူးချွန်ထက်မြက်သူများအနေဖြင့်လည်း ဝါသနာပါရာ အဆင့်မြင့်ပညာများကို သက်ဆိုင်ရာ သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်များတွင် ဆက်လက်သင်ယူနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပပညာတော်သင်များအဖြစ်လည်း မျှော်မှန်းနိုင်မည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၂၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များအားတွေ့ဆုံစဉ် “လူငယ်ဆိုသည်မှာ အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် သားကောင်းရတနာများပင်ဖြစ်ပါကြောင်း။
ပညာထူးချွန်ပြီးထက်မြက်သည့် ဉာဏ်ရည်ဉာဏ်သွေးနှင့် အသိပညာအတတ်ပညာများ တတ်မြောက်သည့်အပြင် ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစသည့် ကောင်းမြတ် သောအရည်အသွေးများပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိပိုင်ဆိုင်ကြစေရန် လေ့ကျင့် ပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို အုတ်မြစ်ချတည်ဆောက်ခြင်းပင်ဖြစ်ကြောင်း။
ထို့ကြောင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်စီမံကိန်းကို ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်၊ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန်ဆိုသည့် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိကိုယ်တိုင်၊ မိမိကျောင်း၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံတော်၏အကျိုးစီးပွားအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှသစ္စာရှိစွာ ပခုံးပြောင်းတာဝန်ယူဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်တိုက်တွန်းမှာကြား လိုကြောင်း” စသည်ဖြင့် ဩဝါဒစကားပြောကြားခဲ့သည်။
အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည့် သားကောင်းရတနာဟူသည် အလိုအလျောက် ပဒေသာပင်မြေကပေါက်လာသည်မဟုတ်ပါ။ မိဘဆရာသမားတို့၏ စနစ် တကျမြေတောင်မြှောက် ပြုစုပျိုးထောင်ပေးခြင်းဖြင့်သာ ဖြစ်ထွန်းပေါ်ပေါက်လာနိုင်မည် ဖြစ်ပေသည်။
သို့ဖြင့် မိမိရင်သွေးငယ်များကို အနာဂတ်တွင် နိုင်ငံတော်က အားထားရသည့်၊ မိသားစုက အားကိုးရသည့်၊ ရပ်ရွာက အလေးထားလေးစားရသည့် သားကောင်းရတနာများဖြစ်လာစေရန် ကျောင်းသားမိဘတိုင်းက လာမည့် မေ၂၃ ရက်မှ ၃၁ ရက်အတွင်း ကျောင်းအမြန်အပ်နှံကြဖို့ထပ်ဆင့်နှိုးဆော် တိုက်တွန်းလိုက်ရပါသည်။ ။
No comments:
Post a Comment