Wednesday, May 10, 2023

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် ၁/၂၀၂၃ သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

 

မုံရွာ မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် ၁/၂၀၂၃ သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့မြန်မာနိုင်ငံသည် မြေမျက်နှာသွင်ပြင် အနေအထားနှင့် ရာသီဥတုအခြေအနေများကြောင့် တောင်တန်းများမှ မြေပြန့်ကမ်းရိုးတန်းများအထိ သဘာဝသယံဇာတအရင်းအမြစ်များ၊ သစ်ပင်သစ်တောကြီးများ နှင့်ဇီဝမျိုးစုံမျိုးကွဲများ လွန်စွာပေါများ ကြွယ်ဝလှပါကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရေးရာ ကာကွယ်စောင့်ရှောက်မှုအား ပဓာနကျသည့် ရည်မှန်းချက်အဖြစ် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊

ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်း ဖွင့်လှစ်ပေးခြင်းအားဖြင့် သင်တန်းသား/သင်တန်းသူများအတွက် အမှန်တကယ် အကျိုးများရရှိမည် ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စည်းမျဉ်းစည်းကမ်းများ၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအား သိရှိနားလည်၍ အများပြည်သူများအား ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများပြန်လည် ဖြန့်ဝေပေးနိုင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်များတွင် စွမ်းစွမ်းတမံကြိုးစား ဆောင်ရွက်နိုင်သည့် လူငယ့်ခေါင်းဆောင်များ ဖြစ်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်ဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် ၁/၂၀၂၃ ကို မေလ ၉ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ရက်သတ္တပတ် ၄ ပတ်ကြာ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

No comments:

Post a Comment