Friday, May 12, 2023

စိုက်ပျိုးစွမ်းအားမြှင့်တင် နိုင်ငံ့စီးပွားတိုးတက်မြင့်မား

မြန်မာနိုင်ငံသည် စိုက်ပျိုးရေ၊ စိုက်ပျိုးမြေ၊ ရေမြေသဘာဝအခြေခံကောင်းမွန်သည့်နိုင်ငံဖြစ်သည်။ ရာသီဥတုပြောင်းလဲဖောက်ပြန်သည့် ကာလမှလွဲ၍ ကျန်အချိန်တွင် စိုက်ပျိုးရေးလုပ်ငန်းကို တိုးတက်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင် သောနိုင်ငံဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြကာ အားလုံးနီးပါးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်ကြသည်။

၂၀၁၉ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ လူဦးရေ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးမွေးမြူရေးနှင့် နှီးနွှယ်လုပ်ကိုင်နေကြသူများဖြစ်သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်လာအောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးလည်း တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကအားဖြင့် စပါးနှင့်ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ၊ ပြောင်းနှင့် မီးဖိုချောင်သုံးသီးနှံများ၊ လက်ဖက်၊ ရော်ဘာ၊ ကော်ဖီ၊ ဆီအုန်းစသည့် စက်မှုကုန်ကြမ်းသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။

မြန်မာနိုင်ငံ၌ ဆန်စပါးကိုအဓိကစိုက်ပျိုးကြပြီး မိုးစပါးစိုက်ပျိုးပြီးချိန်တွင် အခြားသီးနှံများကို အထွက်တိုးအောင် စိုက်ပျိုးကြမည်ဆိုပါက သီးထပ်စွမ်းအားတိုးတက်လာမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များသည် အရေးကြီးပြီး စိုက်ပျိုးနည်းပညာနှင့် စက်မှုလယ်ယာစနစ် တိုးတက်ထွန်းကားလာရေးသည်လည်း အရေးပါသည်။ ခေတ်မီစက်ကိရိယာများကို အသုံးပြု၍ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်းဖြင့် အချိန်ကုန်၊ လူပင်ပန်းသက်သာပြီး လေလွင့်ဆုံးရှုံးမှုကို လျော့နည်းစေသဖြင့် ခေတ်မီစက်မှုလယ်ယာစနစ် ထွန်းကားလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ထို့အပြင် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်းဖြင့် စိုက်ပျိုးထွက်ကုန် များကို လွယ်ကူလျင်မြန်စွာ ရောင်းဝယ်ဖောက်ကားနိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၀ ရက်နေ့၌ ပြုလုပ်သည့် စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးအစည်းအဝေးတွင် “နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားလုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လိုအပ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ထုတ်လုပ်မှုကို မြှင့်တင်ပေးရန်နှင့် သီးထပ်စွမ်းအားကို မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးခြင်းနှင့် ဆီထွက်သီးနှံများကိုသာမက မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းသည်လည်း နိုင်ငံအတွက် ဝင်ငွေပိုမိုရရှိစေမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ဆက်နွှယ်နေသည့် ပြည်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာများ အားနည်းကြသဖြင့် သမားရိုးကျ လုပ်ကိုင်ဆောင်ရွက်ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ခေတ်မီနည်းစနစ်များဖြင့် စီးပွားဖြစ်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲက စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများအား မကြာခဏလမ်းညွှန်မှာကြားလျက်ရှိသည်။ ပြည်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာဗဟုသုတများကို လွယ်ကူစွာတတ်သိနားလည်လာအောင် ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်သည်။ ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးစလုံး ပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်လျှင် သီးနှံအထွက်နှုန်းများ တိုးတက်လာမည်ဖြစ်သည်။

မြေယာပြုပြင်ခြင်းလုပ်ငန်းသည် စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကကျသည်။ စိုက်ပျိုးရေသည် အရေးပါသဖြင့် စိုက်ပျိုးရေရရှိအောင် မြစ်ချောင်းသဘာဝစီးရေများကို ယာယီပိတ်ဆည်တမံများပြုလုပ်၍ အသုံးချနိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ သီးနှံစိုက်ပျိုးရာတွင် စိုက်နည်းစနစ်မှန်ကန်မှသာ အထွက်နှုန်းကောင်းမည်ဖြစ်၍ ပင်ခြား၊ တန်းခြားစိုက်နည်းစနစ်စသည်တို့ကို မျှဝေပေးကြရမည်ဖြစ်သည်။ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းအားဖြင့် အကျိုးအမြတ်များ ရရှိခံစားနိုင်မည် ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှာကြားခဲ့သော အချက်များအား အလေးထားလိုက်နာဆောင်ရွက်ခြင်းအားဖြင့် အရည်အသွေးပြည့်မီသော စိုက်ပျိုး ရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ မျှော်မှန်းထားသည့် နိုင်ငံ့စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာအောင် ‌ဆောင်ရွက်နိုင်ရန်အတွက် ‌ရေခံမြေခံကောင်းများရှိပြီးဖြစ်သည့် မြန်မာနိုင်ငံတွင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လိုအပ်သည်များကို အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment