Wednesday, May 10, 2023

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပ

 

နေပြည်တော် မေ ၉

သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုနည်းဥပဒေများ၊ နည်းဥပဒေ (၆) အရ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟို ဌာန (Disaster Management Centre-DMC) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရုံးအမှတ် (၂၃) တွင် မေ ၈ ရက်မှ စတင်၍ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည်။

တက်ရောက်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Cen-tre-DMC) လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနတွင်ကျင်းပရာ အစည်းအဝေးသို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၁)၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 ကြိုတင်ဆောင်ရွက်

ရှေးဦးစွာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၁)၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌဦးဆောင်၍ မေ ၆ ရက်တွင် ပြုလုပ်ခဲ့သည့် အရေးပေါ်အစည်းအဝေး လမ်းညွှန်ချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ မုန်တိုင်း၏ အခြေအနေအလိုက် သာမန်အချိန်၊ အရေးပေါ်အချိန်၊ အရေးကြီးအချိန်နှင့်ပြန်လည်ထူထောင် ရေးအချိန်ဟူ၍ အပိုင်း (၄) ပိုင်း ခွဲ၍ ဆောင်ရွက်ရမည်ဖြစ်ရာ ယခုမှာ သာမန်အချိန်နှင့် အရေးပေါ်အချိန်ဆောင်ရွက်ရမည့် လုပ်ငန်း များကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ စာရင်း ဇယားကောက်ယူမည့် သတ်မှတ်ပုံစံများအတိုင်း လိုအပ်သည့်အချက်အလက်များ ပြည့်ပြည့်စုံစုံ ထည့်သွင်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့ထံ တင်ပြရန်လို ကြောင်း၊ DMC အား ၂၄ နာရီ ဖွင့်လှစ်ထားရန် လိုကြောင်း၊ ဆက်သွယ်ရေးမပြတ်တောက် စေရေး လိုအပ်သည်များ ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် သာမကရနိုင်ပါက ခရိုင်/ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့်အထိ ချိတ်ဆက်ကာ သတင်းအချက်အလက်များ ရယူကြရန်လိုကြောင်း၊ မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေနှင့် ဦးတည်ရာလမ်းကြောင်း ပြောင်းလဲမှုအရ အရေးပေါ်အချိန်နှင့် အရေးကြီးအချိန်ကို တစ်ပြိုင် တည်း ဆောင်ရွက်ရနိုင်ကြောင်း၊ Cyclone Shelter များတွင် ဝင်ဆံ့လူဦးရေများ၊ ရေ၊ ရိက္ခာလိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ထား ရန်လိုကြောင်း၊ သက်ဆိုင်ရာ ဒေသရှိ လူဦးရေနှင့် စားရေရိက္ခာလုံလောက်မှုအခြေအနေကို တွက်ချက်ထားရန်လိုကြောင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင် ရန်အတွက် DMC မှ သတင်း အချက်အလက်များ ပေးပို့တင်ပြရန်လိုကြောင်း၊ DMC ၏ ဆောင်ရွက်ချက်သည် အရေးကြီးကြောင်း၊ မုန်တိုင်းဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ အနည်းဆုံးဖြစ်ရန်နှင့် ပြန်လည်ထူထောင် ရေးအပိုင်းတွင်အမြန်ဆုံးနှင့် ထိထိရောက်ရောက် ဖြစ်စေရန် DMC မှ တာဝန်ရှိသူများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။

ကဏ္ဍအလိုက်ပြင်ဆင်ဆောင်ရွက်

ထို့နောက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန (DMC) ကို အမျိုးသားကော်မတီ၊ အတွင်းရေးမှူး၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်၍ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ လက်ရှိတွင် သတ်မှတ်ပုံစံများအတိုင်း တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက ကြိုတင်ပြင်ဆင်မှုဆိုင်ရာ အချက်အလက်များရယူကာ စုစည်းလျက်ရှိကြောင်း၊ အမျိုးသားကော်မတီဥက္ကဋ္ဌထံသို့ တင်ပြဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများ အနေဖြင့်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် အရေးပေါ်အစားအစာများဖြစ်သည့် ရေသန့်များ၊ ခေါက်ဆွဲ ခြောက်များအသင့်ဝယ်ယူထားနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ဆွေးနွေးတင်ပြ

ယင်းနောက် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ လက်ရှိဖြစ်ပေါ်နေသည့် မုန်တိုင်း အခြေအနေ၊ နိုင်ငံတကာမိုးလေဝသ Website များနှင့် မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ခန့်မှန်းချက်များ၊ သုံးသပ် ချက်များ၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ များ အသင့်စုဖွဲ့ထားရှိမှု၊ လူနှင့် ပစ္စည်းများ ရွှေ့ပြောင်းရန် စီစဉ် ထားရှိမှု၊ ပျက်စီးဆုံရှုံးမှုစာရင်းကောက်ယူရန် စီစဉ်ထားရှိမှု၊ ရေသန့်စင်ကားများ စီစဉ်ထားရှိမှု၊ သယ်ယူ ပို့ဆောင်ရေးအတွက်ယာဉ်၊ ယန္တရားများ ကြိုတင်စုဖွဲ့ ထားရှိမှု၊ Public Health Emergency Operation Centre (PHEOC) ဖွင့်လှစ်ထားရှိမှု၊ ဘေးသင့်ဒေသများတွင် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်နိုင်ရန်အတွက် Rapid Respond Team(RRT) များကို စေလွှတ်ပြီးစီးမှုနှင့်စေလွှတ်ရန်စီစဉ်နေမှု၊ ဆေးဝါးများပေးပို့ထားရှိမှုနှင့် ဆက်လက်ပေးပို့ရန် စီစဉ်နေမှု၊ ပြည်သူများသို့မုန်တိုင်းသတင်းပေးပို့မှု၊ အသိပညာပေးမှုအခြေအနေတို့ကို ဆွေးနွေးတင်ပြကြသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

ထို့နောက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ (၁)၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ကတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment