Sunday, May 14, 2023

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်အမှတ်စဉ်(၃၁/၂၀၂၃)

 


(၂၀၂၃ ခုနှစ်၊ မေလ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ စစ်တွေမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA)အဖြစ်သို့ အားလျော့သွားခဲ့ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသည်။

 


(၂) မုန်တိုင်းသည် ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးမှ ဆက်လက်ရွေ့လျားလျက်ရှိပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး (မြောက်ပိုင်း)တို့ကို ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့်လည်းကောင်း၊ နောက်(၂၄)နာရီအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ကို မုန်တိုင်းငယ်အနေဖြင့်လည်းကောင်း ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ) သတိပေးနှိုးဆော်ချက်

(၁) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ အရှိန်ကြောင့် ယနေ့ညမှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(၂) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါသည်။

(၃) စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၇၀)ခန့်အထိနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ မိုင်(၅၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(၄) အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ရွေ့လျားရာတစ်လျှောက်ရှိ ဒေသများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့်  ကြိုတင်သတိပြုရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ကြပါရန်၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ လုံးဝ (လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

No comments:

Post a Comment