နေပြည်တော် မေ ၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၂/၂၀၂၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၃)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ သက်ဆိုင်ရာဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ယခုသင်တန်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုလုပ်ငန်းများ၌ အဆင့်မြင့်နည်းပညာများကို အသုံးချ၍ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန် ဝန်ကြီးဌာနမှ စီမံဖွင့်လှစ်သည့်အတွက် သင်တန်းသူသင်တန်းသားများအနေဖြင့် ထိုက်သင့်သည့် ပညာရပ်အခြေခံကောင်းများ ရရှိမည်ဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာကြသည့် သင်တန်းသားများ အနေဖြင့် သင်တန်းမှ သင်ကြားပို့ချချက်များ အပြန်အလှန်ဆွေးနွေးခြင်းမှရရှိသည့် အသိပညာများ၊ ဗဟုသုတများနှင့် ဌာနမှပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်ကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းများတွင် သင်တန်းသား သင်တန်းသူ ၅၀ ကို စာတွေ့၊ လက်တွေ့ဖြင့် ရက်သတ္တပတ် ငါးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment