Friday, May 5, 2023

ဗြဟ္မစိုရ်တရားနှင့်အညီ မင်္ဂလာအပေါင်းလွှမ်းခြုံ


မျက်မှောက်ကာလ ကောင်းမှုအထူးပြည့်စုံသည့် မြန်မာနှစ်သစ်ကူးကာလ၊ ထို့နောက် ကဆုန်လပြည့် ထူးကဲသည့်နေ့မြတ်ကာလတို့၌ မြန်မာနိုင်ငံတစ်ဝန်းလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် မြင်ကွင်းအဖုံဖုံကို မြင်တွေ့ရသည်မှာ စိတ်ချမ်းမြေ့စရာဖြစ်သည်။ ကောင်းသောအမှုတို့ကို တစ်နိုင်ငံလုံးလွှမ်းခြုံ ဆောင်ရွက်နိုင်သဖြင့် မြန်ပြည်တစ်ဝန်း အေးချမ်းသာယာမှုများ ပေါင်းစုနေမည်မှာ အမှန်ဖြစ်သည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကို နိုင်ငံတစ်ဝန်းလုံး ခြိမ့်ခြိမ့်သဲသဲကျင်းပနိုင်ခဲ့သည်။ နေပြည်တော်ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း၌ ဆီမီးတိုင်များကိုင်ဆောင်လှည့်လည်ပူဇော်ပွဲနှင့် ဓမ္မသဘင်ပူဇော်ပွဲများ ဆင်ယင်ကျင်းပခဲ့သည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိသည့် နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကုသိုလ်တော်အဖြစ် မုစလိန္ဒ နဂါးရုံဘုရားကျောင်းဆောင်တော်သို့ ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်ပူဇော်ခြင်းနှင့် မဟာဗောဓိပင်တော် စိုက်ပျိုးပူဇော်ခြင်း မင်္ဂလာအခမ်းအနားတို့ကို ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပူဇော်ခဲ့သည်။

ထူးမြတ်သည့် ကဆုန်လပြည့်နေ့တွင်ပင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် ၁၁၁၁၁ ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ မင်္ဂလာအခမ်းအနားတို့ကို ကျင်းပခဲ့သည်။ ထို့အတူ မန္တလေးမြို့ကျုံးလေးပြင်လေးရပ်တွင် သံဃာတော် ၁၀၂၆၈ ပါးအား ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ ထို့အတူ အခြား မြို့နယ်ဒေသအသီးသီးရှိ တန်ခိုးကြီးစေတီဘုရားပုထိုးများတွင်လည်း အလားတူ အခမ်းအနားများ၊ ဗောဓိညောင်ပင်များကို ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း စသည့်ကုသိုလ်ကောင်းမှုအစုစုတို့ကို ပြုလုပ်ကြသည်။

ဤသို့ နိုင်ငံတော်အစိုးရက ဥပတ္ထမ္ဘကပြုလုပ်၍ ဆရာတော်သံဃာတော်များ ဦးဆောင်ကာ ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြခြင်းတို့ကို ဆရာဒကာ အညီအညွတ် ပေါင်းစုပြုလုပ်ကြသည့် ကောင်းမှုမင်္ဂလာအဖြာဖြာတို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူအပေါင်း၊ တိုင်းရင်းသားပြည်သူအပေါင်းတို့ ဘေးဘယာဝေးကွာ၍ အေးငြိမ်းချမ်းသာရှိကြပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ကောင်းမှုဝေဆာသော မြန်မာနိုင်ငံ၌ ဆရာတော်သံဃာတော်များ သက်ရှည်ကျန်းမာ၍ သာသနာအကျိုး ဆတက်ထမ်းပိုးသယ်ပိုးနိုင်ကြမည်။ အလှူရှင်၊ ကုသိုလ်ရှင်ပြည်သူများလည်း သာသနာတော်မြတ်ကြီး နေလပမာ ထွန်းလင်းတောက်ပလာအောင် ဆက်လက်၍ ကောင်းမှုအစုစုတို့ ပြုလုပ်နိုင်ကြမည်။ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်း၊ ကမ္ဘာတစ်ဝန်းငြိမ်းချမ်းသာယာဝပြော၍ စည်ပင်ဝပြောတိုးတက်လာမည်ဟူသည့် အတိတ်ကောင်းနိမိတ်ကောင်းများ ဖြစ်ထွန်းလာမည်ဟုလည်း ယုံကြည်သည်။

ထိုသို့ ထူးမြတ်သည့်အခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ‌ထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း အကျဉ်း‌ထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသောစည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ထို့အပြင် အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား၊ အကျဉ်းသူ ၃၈ ဦးတို့ကို သေဒဏ်မှလွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေခဲ့သည်။

သို့ဖြစ်ရာ တိုင်းပြည်တစ်ပြည်၏အခြေအနေကို အကဲခတ်ကြည့်လျှင်ဆိုင်ရာ ဘာသာတရားများက တိုင်းပြည်နှင့်လူမျိုးကို လွှမ်းခြုံထားနိုင်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏အခြေအနေသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားထွန်းကားနေသည်မှာ အမှန်ဖြစ်သည်။ မြန်မာပြည်တစ်ဝန်း၌ ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ ဤသို့ကောင်းသောအမှု၊ မင်္ဂလာရှိသောအစုစုတို့ကို နိုင်ငံတော်အကြီးအကဲ ဦးဆောင်ဦးရွက်ပြု၍ အားလုံးညီညာဖြဖြ ကြိုးပမ်း အားထုတ်ကြသောကြောင့် မြန်မာပြည်တစ်ဝန်း ဘေးမသန်းဘဲ အေးချမ်းသာယာမှုအပေါင်းနှင့် ပြည့်စုံဝေဆာလာမည်ဖြစ်ပါကြောင်း။   

No comments:

Post a Comment