Tuesday, May 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 


နေပြည်တော် မေ ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)နှင့်စပ်လျဉ်းသည့် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ - ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးနှင့် ခရီးသွားကဏ္ဍတိုးမြှင့်ရေး၊ မြန်မာ-ရှရှား နှစ်နိုင်ငံလေကြောင်းလိုင်းများ ပုံမှန်ပျံသန်းနိုင်ရေး၊ မြန်မာ့မီးရထားကဏ္ဍမြှင့်တင်နိုင်ရေးအခြေအနေ၊ မြန်မာနိုင်ငံအတွင်း အသေးစား နယူးကလီးယား လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး၊ စွမ်းအင်ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် နည်းပညာကဏ္ဍ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ - ရုရှား ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး  အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ကြကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်‌သော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ကျော်ထွန်း၊ ဦးသန့်စင်၊ ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် ဒူးမားလွှတ်တော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


No comments:

Post a Comment