နေပြည်တော် မေ ၁၂
မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာညွန့်ဖေနှင့် ဒေါက်တာ သက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
ဒုတိယဝန်ကြီး နေပြည်တော်ကောင်စီဝင်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
အမှာစကားပြောကြား
အစည်းအဝေးတွင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာ
စကားပြောကြားရာတွင် ယနေ့ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)
ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသည် ညီလာခံချောမွေ့
အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ညီလာခံရည်မှန်းချက်အောင်မြင်ရေးအတွက် ကျင်းပသည့်
ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ ပထမအကြိမ် အစည်းအဝေးကို ဧပြီ ၂၅
ရက်တွင် ကျင်းပ ခဲ့ပြီး ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အစည်းအဝေးတွင် ညီလာခံအောင်မြင်စွာ
ကျင်းပနိုင်ရေး ဆောင်ရွက်ပြီးစီးမှုများနှင့် ဆုံးဖြတ်ရမည့် အကြောင်းအရာများကို ညှိနှိုင်းဆွေးနွေးကြရန်
ဖြစ်ကြောင်း။
ယခုကျင်းပမည့် ပညာရေးညီလာခံသည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင်
ပထမဆုံးကျင်းပမည့် ညီလာခံဖြစ်ပြီး ပညာရေးနှင့် ဆက်စပ်သည့်ဝန်ကြီးဌာန ၁၁ ခု
စုပေါင်းကျင်းပသည့် ညီလာခံဖြစ်ကြောင်း၊ ညီလာခံကို လူ့စွမ်းအားအရင်းအမြစ်များ
ပေါ်ထွက်လာရေးနှင့် အနာဂတ်ပညာရေး နယ်ပယ်ကဏ္ဍများ အချိန်နှင့်တစ်ပြေးညီ တိုးတက်စေရန်ရည်ရွယ်၍
စာတမ်းများဖတ်ကြားခြင်း၊ ဆွေးနွေးပွဲ ကျင်းပခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အဆိုပါ
ဆွေးနွေးပွဲများမှတစ်ဆင့် ပညာရေးဆိုင်ရာများကို အဖြေရှာသုံးသပ်ပြီး ထွက်ပေါ်လာသည့်
အဖြေပေါ်မူတည်၍ ဆောင်ရွက် သွားကြမည့် ညီလာခံကြီးဖြစ်ကြောင်း။
ယခင်အစိုးရအဆက်ဆက်
ပညာရေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မြင့်မားရေး စီမံ ကိန်းများ ချမှတ်ဆောင်ရွက်ခဲ့ကြကြောင်း၊
“အမျိုးသားပညာရည်မြင့်မားရေး အထူးလေးနှစ် စီမံကိန်း” ကို ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်မှ
၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ်အထိ လေးနှစ်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ခဲ့ကြောင်း၊
ထို့ပြင် “အမျိုးသားပညာရည်မြင့်မားရေး နှစ် (၃၀) နှစ်ရှည် စီမံကိန်း” ကို
စီမံကိန်းကာလ ၂၀၀၁-၂၀၀၂ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ ချမှတ်အကောင်အထည်ဖော်ခဲ့ပြီး
နှစ် ၃၀ နှစ်ရှည်စီမံကိန်းကို ငါးနှစ်စီမံကိန်းခြောက်ခု သတ်မှတ်ခဲ့ကြောင်း။
၂၀၀၃ ခုနှစ်မှ ၂၀၁၉
ခုနှစ်အထိ နှစ်စဉ် ရန်ကုန်မြို့ စိန်ရတုခန်းမ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်တို့တွင်
အလှည့်ကျကျင်းပခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများဖြင့်
ဆောင်ရွက်ခဲ့
ကြကြောင်း။
ယခုညီလာခံကို ပညာရေးဝန်ကြီးဌာနတစ်ခုတည်းသာမက
ဆက်စပ်နေသည့်ဝန်ကြီးဌာန ၁၁ ခုနှင့် အတူ ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပညာရှင်များ စုပေါင်းဆောင်ရွက်ကြမည်ဖြစ်၍
ယခုကျင်းပမည့် ညီလာခံကြီးသည် ကြီးကျယ်သည့် အခမ်းအနားကြီး ဖြစ်လာမည်ဖြစ်ကြောင်း၊
ညီလာခံကြီး အောင်မြင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင်
ဆပ်ကော်မတီများအနေဖြင့် ညီလာခံအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ပြီးစီးမှုများနှင့်
ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည်များကို အသေးစိတ်ပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း၊
ယခုကျင်းပမည့် ညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဘက်ပေါင်းစုံ
ရှုထောင့်ပေါင်းစုံမှ စနစ်တကျ ပူးပေါင်းစီမံ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း
ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေး
ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက်
လုံခြုံရေးဆပ်ကော်မတီ၊ စကားဝိုင်း ဆွေးနွေးပွဲဆပ်ကော်မတီ၊ စာတမ်းလက်ခံခြင်းနှင့်
စိစစ်အတည်ပြုရေးဆပ်ကော်မတီ၊ ပြခန်းများ ခင်းကျင်းပြသရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့်
ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊
ဧည့်ခံကျွေးမွေးရေးနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ၊ သတင်းနှင့်
ပြန်ကြားရေးဆပ်ကော်မတီ၊ မှတ်တမ်းပြုစုရေးနှင့် ပုံနှိပ်ထုတ်ဝေရေးဆပ်ကော်မတီ၊ ဖျော်ဖြေရေးဆပ်ကော်မတီ၊
ကျန်းမာရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ လုပ်ငန်းစစ်ဆေးရေးဆပ်ကော်မတီနှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီတို့မှ
တာဝန်ရှိသူများက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက်
ဆောင်ရွက်ပြီးစီးမှုများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည်များကို
ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့
တက်ရောက်လာကြသူများက မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေး ညီလာခံ (၂၀၂၃) အောင်မြင်စွာ
ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြ သည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က
ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးပြီး
နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment