နေပြည်တော် မေ ၁၀
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းသစ်များ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Auditorium ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ Auditorium ခန်းမ ၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများက “စိန်ရတုအလှမှန်ထာဝရ မြန်မာ့အသံ” အကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်မီဒီယာအဖြစ် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ယခင်ကထက်ပိုမိုတိုးတက်ကောင်းမွန်လာပြီး နိုင်ငံတော်အဆင့် အခမ်းအနားများတွင် ရိုက်ကူးထုတ်လွှင့် ပြသရေးအပြင် အခမ်းအနားမှူးများ ပါဝင်ဆောင်ရွက်မှု၊ ဖျော်ဖြေရေးအစီအစဉ်များကိုလည်း အဆင့်အတန်းရှိရှိ တင်ဆက်နိုင်မှုတို့ဖြင့် လမ်းကြောင်းမှန်ပေါ်သို့ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိလာသည့် ဝန်ထမ်းသစ်များအားလုံးကို လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ နိုင်ငံတော်မီဒီယာ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ဝန်ထမ်းများ ဖြည့်တင်းနိုင် ခြင်းဖြစ်၍ ခွန်အားသစ်များရရှိခြင်းပင်ဖြစ်ကြောင်း၊ ဝန်ထမ်းဖြစ်လာသည်နှင့် ဝန်ထမ်းတစ်ယောက်၏ စည်မျဉ်းစည်းကမ်းများကို လိုက်နာရမည့်အပြင် ပေးအပ်သောတာဝန်ကိုလည်း ကောင်းမွန်ကျေပွန်စွာ ထမ်း ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံးအနေဖြင့် ကိုယ်စီတာဝန်များကို သိရှိနားလည်အောင် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ပြီးပြည့်စုံသည့် အခမ်းအနားတစ်ခုအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယင်းအောင်မြင်မှုသည် မိမိတို့ ဝန်ကြီးဌာနမှ ဝန်ထမ်းအားလုံး၏ ကြိုးစားမှုကြောင့်ဖြစ်ပါကြောင်း၊ ယင်းဆုပေးပွဲသည် အနုပညာလောကအတွက်လည်း ကြီးမားသည့် အောင်မြင်မှုတစ်ခုဖြစ်ပြီး အနုပညာလှုပ်ရှားမှုများကို ယခင်ကဲ့သို့ ပုံမှန်ဆောင်ရွက်နိုင်တော့မည်ဟု ယုံကြည်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနကို သစ်လွင်နုပျိုသည့် ဌာနတစ်ခုဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်မီဒီယာဖြစ်ပြီး ဂုဏ်သိက္ခာပုံရိပ်မြင့်မားသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာနကြီးတွင် ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိကြသည်ကို ဂုဏ်ယူတန်ဖိုးထားကြစေ လိုကြောင်း၊ ဝန်ထမ်းများတစ်ဦးချင်းစီ၏ လုပ်ငန်းကျွမ်းကျင်တတ်မြောက်မှုနှင့်အတူ ဂုဏ်သိက္ခာမြင့်မားအောင် ကြိုးစားအားထုတ်ပြီး ဌာန၏ ဂုဏ်၊ နိုင်ငံတော်၏ ပုံရိပ်ကိုမြှင့်တင်နိုင်ရန် ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူတို့က လက်ခံရယူကြသည်။
ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများက “တေးသရုပ်ဖော် တစ်ခန်းရပ်ပြဇာတ်” ဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး ဝန်ထမ်းသစ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများက“ငြိမ်းချမ်းရေးလက်မြဲမြဲဆက်” အကဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းသစ်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် Training Room သို့ရောက်ရှိပြီး သတင်းဖတ်ကြားခြင်း၊ အစီအစဉ်တင်ဆက်ခြင်းနှင့် အခမ်းအနားမှူး တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Office Canteen ၌ အရာထမ်း များ၊ ဝန်ထမ်းသစ်များနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် News Channel Studio တွင် သတင်းထုတ်လွှင့်နေမှုနှင့် Aircon Chiller တပ်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးကြသည်။
ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ လူပျိုဆောင်၊ အပျိုဆောင်နှင့် အိမ်ထောင်သည် လိုင်းခန်းများသို့သွားရောက်ကာ နေထိုင်စားသောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်သွားရန်နှင့် အိမ်ရာဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေး ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းသစ်များအတွက် ဖွင့်လှစ်သည့် စွမ်းရည်မြှင့်တင်ရေးသင်တန်းတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရည်မှန်းချက်၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းစဉ်များနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ပို့ချမည့်ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်ဆိုင်ရာများကို မေ ၈ ရက်မှ ၁၂ ရက်အထိ သင်တန်းသား သင်တန်းသူ ၁၃၂ ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment