နေပြည်တော် မေ ၂၀
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင်လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့်
ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်
ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ကျောက်ဖြူမြို့တွင်အခြေပြုလျက်ရှိသည့်
ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး ခဲ့ရသည်များကို လိုအပ်သည့် ရှင်းလင်းရေးလုပ်ငန်းများ
ကူညီဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လှူဒါန်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး
ယာဉ်အုပ်စုတွင်ပါဝင်သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကလည်း လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများကိုဆောင်ရွက်ပေးသည်။
ပုဏ္ဏားကျွန်းမြို့တွင် ရောက်ရှိအခြေပြုလျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည်
ပုဏ္ဏားကျွန်းမြို့၊ ပြည်သူ့ဆေးရုံရှေ့၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့မှုများအား
ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်ပေးခြင်း၊ ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့်
လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းတို့ကို
ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ကျောက်တော်နှင့် မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်
ရေးအဖွဲ့များသည်လည်း ယနေ့တွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ရေသန့်ယာဉ်၊ ရေသယ်ယာဉ်များဖြင့်
သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသောနေရာများသို့ ရေပေးဝေခြင်း၊ ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းများကို
ဆောင်ရွက်ပေးလျက်ရှိသည်။
၎င်းအပြင် ပခုက္ကူမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည်
ယနေ့တွင် ပုဂံ-ညောင်ဦး-ပခုက္ကူသွား ကားလမ်းမဘေးတစ်လျှောက်တွင် မုန်တိုင်းဒဏ်ကြောင့်လဲကျနေသည့်
သစ်ပင်ကြီးများအားရှင်းလင်းပေးပြီး လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိသည်။
ကျန်ရှိသည့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးယာဉ်အုပ်စုများ အနေဖြင့်
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့တို့၌ ကူညီ ကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းကြောင်းတစ်လျှောက် သစ်ပင်သစ်ကိုင်း
ပိတ်ဆို့လဲကျနေမှုများအား ဖယ်ရှားရှင်းလင်းခြင်း၊ မြေပြိုပိတ်ဆို့မှုများအား ရှင်းလင်းခြင်း၊
ရေလမ်းခရီးဖြင့် သွားလာရမည့် ဒေသများသို့ သွားလာနိုင်ရေး ရေယာဉ်များပေါ်သို့ ရွှေ့ပြောင်းခြင်းတို့ကို
ပြုလုပ်၍ အမြန်ဆုံးရောက်ရှိနိုင်ရေး ဆက်လက်ချီတက်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့်
ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် မေ ၁၆ ရက်တွင် စစ်တွေမြို့သို့ရောက်ရှိခဲ့ပြီး
စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးများနှင့် ပူးပေါင်း၍
ဆေးကုသမှုပေးရန်လိုအပ်သော သဘာဝဘေးဒဏ်သင့် ပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment