လွိုင်ကော် မေ ၁၈
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့နှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသော ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့များက တစ်ဦးချင်းမိတ်ဆက် စကားပြောကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးသည် နိုင်ငံတော်၏ အရန်အင်အားအဖြစ် လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာအဆင့်အတန်းမခွဲခြားပဲ ပြည်သူတစ်ရပ်လုံးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကယ်တင်ကူညီစောင့်ရှောက်နေသည့် အသင်းကြီးဖြစ်ကြောင်း၊ ထင်ရှားသောဆောင်ရွက်ချက်များအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် အခြားသောအရေးပေါ်ကိစ္စရပ်များ၊ ပြည်သူလူထုအတွက်ကျန်းမာရေး၊ လူမှုကာကွယ်ရေး လုပ်ငန်းများတွင် အမျိုးသားအဆင့် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်သည့် အသင်းအဖွဲ့ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကယားပြည်နယ်ကြက်ခြေနီ အသင်းကြီး၏ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ထောက်ပံ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်နယ်ကြက်ခြေနီအသင်းအနေဖြင့် မျိုးဆက်သစ်လူငယ်များ ပိုမိုပါဝင်လာအောင်စည်းရုံးပြီး ပြည်နယ်အတွင်း လူမှု၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြည်နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက်လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့ပြီး ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရေးအတွက် ပြည်နယ်ကြီးကြပ်မှုကော်မတီနှင့် တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment