Friday, May 5, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ ၅

(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC – II)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

 














အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင်၊ ဦးမောင်ကို၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ အငြိမ်းစားမီးသတ်တပ်ဖွဲ့ဝင်အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သန္ဓေ၊ အရန်၊ သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ကိုယ်စားလှယ်များ၊ ထူးချွန်ဆုရရှိကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင် ယနေ့သည် အမိမြန်မာနိုင်ငံတော်ကြီးအတွင်းမှာ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလုပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာပစ္စည်းများကို မီး​​ဘေးအန္တရာယ်နှင့်အခြားသော ဘေးအန္တရာယ်အမျိုးမျိုးမှ ​ခေတ်အဆက်ဆက်ကာကွယ်​စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာရပ်တည်လာခဲ့သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ (၇၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ပင်ဖြစ်ပါကြောင်း၊၊

(၇၇)နှစ်အတွင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူလူထုအတွင်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်များကို ဦးလည်မသုန် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ခေတ်အဆက်ဆက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် မီးသတ်လုပ်ငန်းဆိုင်ရာများကို စွမ်းအားပြည့်တာဝန်ထမ်းဆောင်နေကြသည့် မီးသတ်တပ်ဖွဲ့ဝင်အားလုံးကို ဂုဏ်ပြုပါကြောင်းကို ဦးစွာပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံ၏သမိုင်းကို ပြန်ကြည့်ပါက ခရစ်နှစ် ၁၀၄၄ ခုနှစ်တွင် ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် အနော်ရထာမင်းစောလက်ထက် စည်ပင်ဝပြောသာယာခဲ့သည့် နိုင်ငံတော်ကို မီးဘေးမသင့်စေရေး မီးသတိပေးမောင်းသံများနှင့်စတင်ခဲ့ပြီး မီးသတ်လုပ်ငန်းဆိုင်ရာများကို အကောင်အထည်ဖော်နိုင်ရေး “သောသောညံ ပုဂံမီးဆော်မောင်း”ဟူသည့် ဂဏန်းအမှတ်အသား သံခိပ်(လင်္ကာ) အရ “မီးကပ်သား” တစ်နည်းအားဖြင့် မီးသတ်သမား(၆၆၃)ဦးကို သတ်သတ်မှတ်မှတ် စနစ်တကျဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ ၎င်းနောက် ပုဂံခေတ်၊ ပင်းယ​ခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်း​ဘောင်​ခေတ်အထိ ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံတော်ကို မီးဘေးမသင့်စေရေး မီးသတ်လုပ်ငန်းကို စနစ်တကျ ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည်ကို ဂုဏ်ယူစွာ တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မီးသတ်လုပ်ငန်း၏ သဘောသဘာဝအရ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်၍မရဘဲ လူအများကပေါင်းစပ် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် အုပ်ချုပ်သူ ဘုရင်၊ ရဲမက်များ၊ ပြည်သူများ၏ စုပေါင်း စွမ်းအားဖြင့်သာ မီးဘေးအန္တရာယ်ကို ထိထိရောက်ရောက်ကာကွယ်နိုင်ကြောင်းကို ရှေးမြန်မာမင်းများ လက်ထက်ကပင်သိရှိနားလည်ခဲ့ကြသည်ကိုတွေ့ရပါကြောင်း။

ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် အင်္ဂလိပ်နယ်ချဲ့တို့သည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာကာကွယ်နိုင်ရေး  မြူနီစီပယ်မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းတာဝန်​ပေးအပ် ခဲ့ကြသည်ကိုတွေ့ရပါကြောင်း၊ ထို့ကြောင့် ခေတ်ပညာတတ်မျိုးချစ်လူငယ်များသည် မိမိတို့ရပ်ရွာ၊ မိမိတို့၏​ဒေသကို မီးဘေးကာကွယ်နိုင်ရေး အပျော်တမ်းမီးသတ်အဖွဲ့များကို အမျိုးသားရေးစိတ်ဓာတ်နှင့်ဖွဲ့စည်းပြီး ကာကွယ်စောင့်ရှောက်ခဲ့ကြသည်ကိုတွေ့ရပါကြောင်း၊ ၁၉၀၀ ပြည့်နှစ်​နှောင်းပိုင်းမှစတင်ပြီး စေတနာ့ဝန်ထမ်းအ​ပျော်တမ်း မီးသတ်တပ်ဖွဲ့များကို တစ်နိုင်ငံလုံး မြို့နယ်အလိုက် ဖွဲ့စည်းတည်ထောင်လာခဲ့ကြပါကြောင်း၊ ဖွဲ့စည်းဆောင်ရွက်ရာတွင်လည်း မီးသတ်တပ်ဖွဲ့ဝင်များ၏ ရည်ရွယ်ချက်၊ ကိုယ်ကျင့်တရားများ၊ အပျော်တမ်းမီးသတ်အဖွဲ့များ ဖွဲ့စည်းရန် စည်းမျဉ်းဥပ​ဒေသများ၊ အလုပ်တာဝန်ဝတ္တရားနှင့် အခွင့်အာဏာများ၊ ဝတ်စားဆင်ယင်မှု သတ်မှတ်ချက်များ၊ မီးလောင်ရာတွင် ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားသတ်မှတ်ချက်များ၊ မီးသတ်စက် လေ့ကျင့်ခန်း၊ ကယ်ဆယ်ရေးနှင့် သူနာသယ်​ယူ ပို့ဆောင်နည်းများ အပါအဝင် မီးသတ်ကြိုးချည်နည်းအဆုံး စနစ်တကျပြုစုထားသည့် မီးသတ်ဌာနလက်စွဲအတိုင်း စနစ်တကျ ပြုစုလုပ်ကိုင်ခဲ့ကြ​သောကြောင့် အစဉ်အလာကြီးမားသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်မှာ ထင်ရှားလှပါကြောင်း၊ ထို့ကြောင့်် မီးသတ်တပ်ဖွဲ့ဟူ၍ စတင်သ​န္ဓေတည်​ပေါက်ဖွားလာခဲ့ခြင်းသည် နိုင်ငံတော်အတွက် လိုအပ်နေသည့် ပြည်သူ့အကျိုးပြု အဖွဲ့အစည်းတစ်ရပ်အဖြစ် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပါကြောင်း။

၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ ကန်တော်ကလေးရှိ “ဇိနတ်အစ္စလာမ်” မိန်းကလေးကျောင်းတွင် မြန်မာတစ်ပြည်လုံးတွင်ရှိသည့် မီးသတ်အဖွဲ့အစည်းများသည် ပထမအကြိမ် စေတနာ့ဝန်ထမ်းမီးသတ်အစည်းအရုံးကြီး ညီလာခံကိုကျင်းပနိုင်ခဲ့ပြီး (၁၉)ခရိုင်မှ ကိုယ်စားလှယ်ပေါင်း (၁၉၇)ဦး တက်ရောက်ခဲ့ကြပါကြောင်း။

ယင်းညီလာခံကို ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ချီးမြှင့် မိန့်ခွန်းပြောကြားခဲ့ရာ၌ “မီးသတ်အဖွဲ့သားများ၏တာဝန်မှာ စည်းကမ်းအရေးကြီး၍ အထူးမြင့်မြတ်သော ဝန်ထမ်းအလုပ်ကြီးဖြစ်ကြောင်း၊ စစ်တပ်များတွင် သူရဲကောင်းများပေါ်ပေါက်သကဲ့သို့ မီးသတ်လုပ်ငန်းတွင်လည်း သူရဲကောင်းများ ပေါ်ပေါက်ကြသည့်အနက် မီးသတ်သူရဲကောင်းမှာ သူတစ်ပါးအား တိုက်ခိုက်ရခြင်းမဟုတ်ဘဲ စွန့်စားသူများအနေဖြင့် အထူးမြင့်မြတ်သော သူရဲကောင်းများ ဖြစ်ကြောင်း” ဖြင့်ထည့်သွင်းပြောကြားသွားခဲ့ပါကြောင်း။ အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးညီလာခံကျင်းပခဲ့သည့် မေလ ၅ ရက်နေ့ တစ်နည်းအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ စည်းလုံးညီညွတ်စွာ ပေါင်းစည်းနိုင်ခဲ့သည့်နေ့ကို အစွဲပြုပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အဖြစ် ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုပါက (၇၇)နှစ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ ရည်မှန်းချက်တာဝန် ၄ ရပ်ချမှတ်ဆောင်ရွက်လျက်ရှိရာ၌ မဟာဗျူဟာကျသည့်၊ အရေးကြီးကဏ္ဍများဖြစ်သည့်ကြိုတင်စီမံမှုကဏ္ဍ၊ မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှုကဏ္ဍ၊ ပြန်လည်သုံးသပ်မှုကဏ္ဍဟူသည့် အရေးကြီးသည့်ကဏ္ဍ(၃)ခုကို တိတိကျကျ အလေးထားလိုက်နာဆောင်ရွက်ကြရခြင်းဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများ ဖြစ်ပွားလျက်ရှိရာ၌ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း မီးလောင်မှုပေါင်း ၁၈၃၃၆ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ကျပ် ၁၅၅ ဘီလီယံ ကျော်ခန့် ဆုံးရှုံးခဲ့ရကြောင်းကို မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရသိရပါကြောင်း၊ နိုင်ငံတစ်ဝန်းလုံး နှစ်စဉ်မီးလောင်မှုအကြိမ်ရေ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အကြိမ်ရေ ၁၈၀၀ ကျော်ခန့်ဖြစ်ပွားပြီး ဆုံးရှုံးမှုအနေဖြင့် နှစ်စဉ် ကျပ် ၁၅ ဘီလီယံခန့် ဆုံးရှုံးလျက်ရှိနေသည်ကိုတွေ့ရပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် လူဦးရေတိုးပွားလာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ မီးလောင်မှုအကြိမ်သည်လည်း တိုးလာနိုင်သည်ဖြစ်သဖြင့် မီးလောင်မှုအကြိမ်ရေနှင့် မီး‌ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများ လျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်း မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာများ  စိမ့်ဝင်ပျံ့နှံ့နေအောင် လုပ်ကြရမည်ဖြစ်ပါကြောင်း။  

မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုကဏ္ဍတွင် “Some People Run from Problem, Another Run to Again We Know Hero”ဟူသည့်အတိုင်း “လူတစ်ချို့ဟာ ပြဿနာနဲ့ဝေးရာကိုပြေးကြပြီး ပြဿနာကိုထွက်မပြေးဘဲ ရင်ဆိုင်တိုးဝင်သူကိုတော့ သူရဲကောင်းလို့ ခေါ်ကြကြောင်း” ဟူသည့် စကားသည် မီးသတ်သမားများကိုပြောခြင်းပင်ဖြစ်ပါကြောင်း၊ မီးသတ်လုပ်ငန်းသည် စွန့်လွှတ်မှုများ၊ စွန့်စားမှုများနှင့် အသက်နဲ့ခန္ဓာကို ပေးဆပ်ပြီးလုပ်ရသည့်လုပ်ငန်းဖြစ်ကြောင်း၊ ပေးဆပ်မှုအနည်းဆုံးဖြစ်ရေး မိမိအလုပ်ကိုကျွမ်းကျင်မှုရှိရန်လိုပြီး ကျွမ်းကျင်အောင်လည်း အကြိမ်ကြိမ်လေ့ကျင့်နေရန်လိုမည်ဖြစ်ကြောင်း၊ လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှအောင်ပွဲဆင်နိုင်မည်ဖြစ်သဖြင့် မီးသတ်တပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးအနေဖြင့် လက်ဝယ်ပိုင်ဆိုင်ထားသည့် ခေတ်မီမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ် စက်ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေးနှင့် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်ရေးအတွက်လေ့ကျင့်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း။

ပြည်သူလူထုအတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများ၊ ‌ဒေသအလိုက်ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အခါ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် လူမျိုး/ ဘာသာအယုတ်အလတ် အမြတ်မရွေးခွဲခြားမှုမရှိဘဲ မွန်မြတ်သည့် လူမှုရေး အသိစိတ်၊ ကရုဏာ မေတ္တာ စေတနာအရင်းခံသည့် ပရဟိတစိတ်ဓာတ်များနှင့် ကူညီကယ်ဆယ်ခြင်း၊ ကူညီရွှေ့ပြောင်းခြင်းနှင့် သဘာဝဘေးကြောင့် ပိတ်ဆို့နေခြင်းများကိုပါ ရှင်းလင်းဖယ်ရှားခြင်းများအပေါ် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့မွန်မြတ်သည့် စိတ်ထားနှင့် တာဝန်ထမ်းဆောင်နေကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဘဝကိုကိုယ်တိုင်တန်ဖိုးထားဂုဏ်ယူပြီး မီးသတ်သမားကောင်းများ ပီသစွာနေထိုင်ကျင့်ကြံသွားကြရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရေး၊ စိတ်ဓာတ် စည်းကမ်းကောင်းမွန်မှုများနှင့် မိမိတို့၏ဘဝကို ကြိုးစားမြှင့်တင်သွားကြရန် လိုအပ်ကြောင်းကို တိုက်တွန်းမှာကြားလိုပါကြောင်း။

မီးသတ်တပ်ဖွဲ့ဝင်တိုင်းသည် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံသည့်အခါများ၌ ယဉ်ကျေးပျူငှာစွာ စည်းရုံးပြောဆိုရန် အထူးပင်လိုအပ်ပါကြောင်း၊ မီးငြှိမ်းသတ်သည့်အချိန်များတွင်လည်း ပြည်သူလူထု၏ အထင်အမြင်လွဲမှားမှုများကို စိတ်ရှည်သည်းခံပြီး အမှန်အတိုင်းသိအောင် ဂဃနဏရှင်းပြပြောဆိုရန် လိုအပ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့အဖြစ်ပေါ်ပေါက်လာသည့် အချိန်မှစ၍ယနေ့အချိန်အထိ နိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်ပြီး ဘယ်လိုအခြေအနေမျိုးတွင်မဆို နိုင်ငံရေး အရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနှင့် ပြည်သူ့အကျိုးပြုတပ်ဖွဲ့တစ်ခု အဖြစ်ရပ်တည်လာခဲ့သည့်အတွက် မီးသတ်တပ်ဖွဲ့သည် နိုင်ငံရေးအရောင်အသွေးကင်းမဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း ပြောကြားလိုပါကြောင်း။

ခေတ်အဆက်ဆက်တွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများတွင်နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုအကျိုးအတွက် စွန့်လွှတ်စွန့်စားစွာနှင့် စွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်ခဲ့ကြသည့် ဖြစ်စဉ်သာဓကများစွာရှိခဲ့ပြီး နိုင်ငံတော်က စွမ်းရည်သတ္တိဆိုင်ရာနှင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးများချီးမြှင့်ပေးအပ်လျက်ရှိကြောင်း။

မီးသတ်တပ်ဖွဲ့ဝင်များကို နိုင်ငံတော်က စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာတံဆိပ်များနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ နှစ်အလိုက်ချီးမြှင့်ပေးခဲ့ရာ ၁၉၅၂ ခုနှစ်မှ ယနေ့အထိ ပြည်ထောင်စု ငွေတံဆိပ်(၁)ဦး၊ လွတ်လပ်ရေးမော်ကွန်းဝင်(၃)ဦး၊ ဂုဏ်ထူးဆောင်လက်မှတ်(၁၀)ဦး၊ သရေစည်သူဘွဲ့(၁)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့(၅)ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ်(၁၀)ဦး၊ စီမံထူးချွန်တံဆိပ်(၂၃)ဦး၊ လူမှုထူးချွန်တံဆိပ်(၃၆)ဦး၊  သီဟဗလတံဆိပ် (၃)ဦး၊ ရဲသီဟတံဆိပ် (၁)ဦး၊ ရဲသူရတံဆိပ်(၁၆)ဦး၊ ရဲဗလတံဆိပ် (၅၅)ဦး၊ ရဲသူရိန်တံဆိပ် (၇၂)ဦး၊ ရဲကျော်စွာတံဆိပ်(၇၅)ဦး၊ ရဲကျော်သူတံဆိပ် (၄၅)ဦး၊ စုစုပေါင်းဆုတံဆိပ် (၃၅၆)ဦး ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊၊

ထိုကဲ့သို့ စွမ်းရည်သတ္တိဆိုင်ရာ ဘွဲ့/တံဆိပ်နှင့် လက်မှတ်များမရရှိခဲ့ပေမယ့်လည်း ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် စွန့်လွှတ်မှုပေါင်းများစွာနှင့် ဆောင်ရွက်ခဲ့ကြသည့် သန္ဓေ/အရန်နှင့် သီးသန့်တပ်ဖွဲ့ဝင်များကိုလည်း တန်ဖိုးထားချီးကျူးဂုဏ်ပြုပါကြောင်းကို ထည့်သွင်းပြောကြားလိုပါကြောင်း။

မိမိတို့အနေဖြင့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သော ခေတ်မီနိုင်ငံတော်တစ်ရပ်အဖြစ်ကို ရောက်ရှိအောင် တည်ဆောက်နေသည့်အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်ကို အပြည့်အဝအောင်မြင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဦးလည်မသုန်အလေးအနက်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

ယနေ့ မြန်မာနိုင်ငံသည် ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မီဒီယာစသည့် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင် ဒီမိုကရေစီစံနှုန်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့မြန်မာနိုင်ငံတွင် ဟိုတယ်၊ မိုတယ်၊ စက်မှုလုပ်ငန်းအဆောက်အဦများ၊ အထပ်မြင့်အဆောက်အဦများ၊ စုပေါင်းပိုင်အိမ်ရာများလည်း တစ်နေ့တစ်ခြားတိုးတက်များပြားလာပြီး လူနေမှုပုံစံများ ပြောင်းလဲလာသည့်အတွက် ပြည်သူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ယှဉ်တွဲဖြစ်ပေါ်လာမည့် မီးဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များကို မလွဲမသွေရင်ဆိုင်တွေ့ကြုံရမည်ဖြစ်ကြောင်း။

ပြည်သူတို့ တွေ့ကြုံရမည့် ဘေးအန္တရာယ်ကြီးမားကျယ်ပြန့်လာမှုသည် ပြည်သူကိုကူညီကယ်ဆယ်မည့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရင်ဆိုင်ဖြေရှင်းလုပ်ဆောင်ကြရမည့် တာဝန်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့်မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍသည်လည်း မြို့ပြနယ်ပယ်တွင် မြင့်မားလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

နိုင်ငံတော်ဖွံဖြိုးတိုးတက်မှုကို အနှောင့်အယှက်အဟန့်အတားဖြစ်စေသည့် မီးလောင်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများကို လျော့နည်းကျဆင်းစေရန် မီးသတ်တပ်ဖွဲ့ဝင်များအတွက် မီးငြှိမ်းသတ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရနိုင်သည့် ဘေးအန္တရာယ်ကို လျှော့ချနိုင်ရေးအတွက် မီးဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် ဘေးကင်းလုံခြုံစေရေး Myanmar Fire Safety Code 2020 ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် အတည်ပြုထုတ်ပြန် ပြဋ္ဌာန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ပိုမိုဖြစ်ပွားကြုံတွေ့ရလျက်ရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုပမာဏလည်း ပိုမိုများပြားလာကြောင်း။ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ပထဝီဝင်အနေအထားအရ ဒေသအလိုက် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှား​ဘေးအစရှိသည့် သဘာဝဘေးအန္တရာယ်အမျိုး မျိုးကို ရင်ဆိုင်ကြုံတွေ့နိုင်သည့်အပြင် အခြားသော ဓာတု၊ ဇီဝ၊ ရေဒီယို သတ္တိကြွပစ္စည်းများ၏ အန္တရာယ်များလည်းဖြစ်ပွားလာသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့်လည်း တိုးတက်ဖြစ်ပေါ်ပြောင်းလဲလာသည့် ဘေးအန္တရာယ်များ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်နှင့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့များ၏ ရင်ပေါင် တန်းဆောင်ရွက်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းစွမ်း ဆောင်ရည်တိုးတက်မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်း။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားခံစားနေရသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် မီးသတ်တပ်ဖွဲ့အနေဖြင့် တပ်မတော်၊ ပြည်သူလူထု၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စုပေါင်းလက်တွဲညီညီညွတ်ညွတ် ပါဝင်လုပ်ဆောင်ခဲ့သည်ကိုတွေ့ရကြောင်း၊ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာတိုင်းတွင် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်း၊ ပညာပေးလှုံ့ဆော်ခြင်း၊ Mask ပေးဝေခြင်း၊ ဆေးရုံကြီးများနှင့် Liquid Oxygen သိုလှောင်ဖြန့်ဝေပေးခြင်းစသည့် ဆက်စပ်လုပ်ငန်းများတွင် မတော်တဆမှုများ မဖြစ်ပွားစေရန်နှင့် မီးဘေး အန္တရာယ်ကင်းဝေးစေရန် နည်းပညာရပ်ဆိုင်ရာ အထောက်အကူပေးခြင်း၊ ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာများ၊ နာမကျန်းဖြစ်သူ ပြည်သူများကို သူနာတင်ယာဉ်ဝန်ဆောင်မှု(EMS) အခမဲ့ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း။

ထို့ပြင် Quarantine Center များတွင် ရေလိုအပ်မှုများကို မီးသတ်ရေသယ်ယာဉ်များနှင့် နေ့စဉ်အခမဲ့ ရေဂါလန်ပေါင်းများစွာပေးလှူခဲ့သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းကာလများတွင် မီးသတ်တပ်ဖွဲ့ဝင်များ၏ ပြည်သူ့အကျိုးပြုဆောင်ရွက်မှုအနေဖြင့် မေ့မရနိုင်သည့် မှတ်တမ်းများဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့မီးသတ်တပ်ဖွဲ့သည် တကယ်လုပ်အဟုတ်ဖြစ်ရမည်ဆိုသည့်အနေအထားကို ရောက်ရှိ‌နေပြီဆိုသည်ကို မှတ်တမ်းများအရ မျက်ဝါးထင်ထင်တွေ့မြင်နေရပြီဖြစ်ကြောင်း။

မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်မှုတိုင်းသည် ပြည်သူများ၏ နေထိုင်မှုဘဝလုံခြုံရေးမှစ၍ နိုင်ငံတော်တည်ဆောက်ရေးအထိ အကျုံးဝင်သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက်များစွာအကျိုးရှိပြီး တန်ဖိုးလည်းကြီးမားလှကြောင်း။ ယင်းတန်ဖိုး၏ အနှစ်သာရသည် မီးသတ်တပ်ဖွဲ့အတွက် ထူးကဲသည့် ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် လုပ်ငန်းစဉ်များအပေါ် မိမိတို့ တာဝန်ကျရာဒေသ၏ လူနေမှုပုံစံ၊ ရိုးရာဓလေ့စရိုက်၊ ယဉ်ကျေးမှုတို့နှင့် လိုက်လျောညီထွေဖြစ်အောင် တီထွင်ကြံဆလုပ်ဆောင်နိုင်ပါမှ ပြည်သူလူထုက အားကိုးယုံကြည်လာမည်ဖြစ်ကြောင်း၊ အားကိုးယုံကြည်မှ တပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူအများက ပါဝင်ပူးပေါင်းလိုက်ပါလုပ်ဆောင်လာကြမည်ဖြစ်ကြောင်း၊ ပြည်သူအားလုံးလိုက်ပါလုပ်ဆောင်မှ မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် မီးဘေးအန္တရာယ်ကင်းဝေးပြီး ဘေးကင်းလုံခြုံမှုရှိသည့် လူနေမှုဘဝပတ်ဝန်းကျင်ကို ရရှိနိုင်မည်ဖြစ်သကဲ့သို့ မီးသတ်တပ်ဖွဲ့၏ ဂုဏ်ကိုလည်း မြင့်မားဝင့်ထည်စေမည်ဖြစ်ကြောင်း။

ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူကိုစည်းရုံးနိုင်မှု စွမ်းရည်၊ ပြည်သူကအားကိုးယုံကြည်လာစေနိုင်သည့် စွမ်းပကားရှိနေရန်လည်း လိုအပ်လာပြီဖြစ်ကြောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးစသည့် လုပ်ငန်းများသည် မီးသတ်သမားများသာလုပ်ဆောင်၍ ရနိုင်ခြင်းမျိုးမဟုတ်ဘဲ ပြည်သူများပူးပေါင်းပါဝင်ကူညီမည်ဆိုပါက အောင်မြင်သည်ကို ပြည်သူများသိမြင်နားလည်စေရန်အတွက် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စေ့ဆော်စည်းရုံးနိုင်မှု အတတ်ပညာပါရှိလာရန် လိုအပ်လာပြီ ဖြစ်ကြောင်းကိုမှာကြားလိုကြောင်း။

ယနေ့ အချိန်အခါတွင် နေရာတိုင်း၊ နယ်ပယ်တိုင်း၌ အဆင့်မြင့်နည်းပညာများနှင့် ဆောင်ရွက်နေကြပြီဖြစ်ခြင်းကြောင့်  မီးသတ်တပ်ဖွဲ့ဝင်များ၏ ကာယ၊ ဉာဏပိုင်းတွင် အဆင့်မြင့်အမြင်ကျယ်ရမည်ဖြစ်ကြောင်း၊ ဓာတုဗေဒနှင့် ရူပဗေဒ၏ သဘောတရား၊ အင်ဂျင်နီယာနှင့် သင်္ချာပညာအရ တွက်ချက်စိစစ်နိုင်မှုများကို အပြည့်အဝသိရှိနားလည်ပြီး အလျင်အမြန်တုံ့ပြန် ဖြေရှင်းနိုင်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း။

ထို့ပြင် ခေတ်စနစ်နှင့်အညီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရန် ကြိုးပမ်းလေ့လာဆောင်ရွက်ထားကြရန် လိုအပ်သကဲ့သို့ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုအသစ်များကိုရင်ဆိုင်ရန် မီးသတ်လုပ်ငန်းတွင် အဆင့်မြင့်နည်းပညာပိုင်းများနှင့် ဆောင်ရွက်နိုင်မည့် နိုင်ငံတကာနည်းတူ “အပြည်ပြည်ဆိုင်ရာ မြို့ပြရှာဖွေ ကယ်ဆယ်ရေးအကြံပေးအဖွဲ့” (International Search and Rescue Advisory Group- INSERAG)များကို ဒေသအလိုက်စုဖွဲ့လေ့ကျင့်ရေးကို အသင့်ဆောင်ရွက်ထားသင့်သည်ကို မှာကြားလိုကြောင်း။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သမိုင်းအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် ၁၀ ပါးနှင့်အညီ နေထိုင်ကျင့်ကြံပြီး ပြည်သူလူထု၏လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းဆောင်ရွက်ပေးကြစေလိုကြောင်း။

ပြည်သူတွေအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်မဆိုင်းဘဲ ကာကွယ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရက အားသွန်ခွန်စိုက် ဆောင်ရွက်သည့်နေရာတွင် မီးသတ်တပ်ဖွဲ့ဝင်များသည်လည်းကျရာနေရာအခန်းကဏ္ဍက ပါဝင်ကူညီဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ မီးသတ်သမားကောင်းတစ်ယောက်တွင်ရှိရမည့် ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်၊ ရဲဝံ့စွန့်စားသည့် စိတ်ဓာတ်၊ အတွေ့အကြုံရင့်ကျက်ပြီး နည်းပညာကြွယ်ဝမှုရှိရန် ကြိုးစားသွားမည်ဆိုသည့် စိတ်ဓာတ်များနှင့် ပြည်သူကို အလုပ်အကျွေးပြုကြရန်လိုအပ်ကြောင်း။

နိုင်ငံတကာတွင် ပြောင်းလဲတိုးတက်နေသည့် မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ်လေ့လာဆည်းပူးပြီး မိမိနိုင်ငံသားတို့အတွက် ပြန်လည်အသုံးချနိုင်ရန် အားထုတ်ကြရန်လိုအပ်ကြောင်း။

တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားအောင် ကြိုးပမ်းနေခြင်းသည် တပ်ဖွဲ့တစ်ခုလုံး၏ ဂုဏ်ကိုမြှင့်တင်နေခြင်းဖြစ်သည်ဟု ခံယူထားရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံသားများကို မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် အလုပ်အကျွေးပြုရာတွင် ရောင့်ရဲတင်းတိမ်စိတ်မထားဘဲ လိုအပ်ချက်မရှိအောင် စွမ်းဆောင်ကြရန်လိုအပ်ကြောင်း၊ အထူးသဖြင့် မီးသတ်သမားများသည် ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့အသက်နှင့် ခန္ဓာကိုယ်ကိုအရင်းတည်ပြီး ကူညီကယ်တင်ဆောင်ရွက်ရခြင်းကြောင့် ယနေ့ကျရောက်သည့် မီးသတ်တပ်ဖွဲ့နေ့တွင် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိသူ၊ အသက်ပေးသွားသူတပ်ဖွဲ့ဝင်များ၏ ခမ်းနားလွန်းလှသည့် ဂုဏ်ဒြပ်ကိုအလေးပြုဦးညွတ်ရင်း အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစိန်ခေါ်မှုများကို အနိုင်ယူသွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ကိုပြသသည်။

ယင်းနောက် နိုင်ငံကျော်အဆိုတော် ဦးထွန်းရွှေမှ မီးဘေးလုံခြုံရေးအသိပညာပေးရေးဆိုင်ရာ ဂန္ဓဝင်သီချင်းဖြစ်သည့် “မီးသတိပြု” သီချင်းအား ဖျော်ဖြေတင်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က “မီးသတိပြု” သီချင်းသီဆိုခဲ့သော နိုင်ငံကျော်အဆိုတော် ဦးထွန်းရွှေ(အသက်၉၀နှစ်)၊ မီးသတ်လုပ်ငန်းများကို စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၊ အရန်မီးသတ်တပ်ရင်းမှ အရန်မီးသတ်တပ်ခွဲမှူး ဦးဝမ်သောင်း(အသက်၉၄နှစ်)နှင့် စစ်မှုထမ်း(ငြိမ်း)/မီးသတ်ဝန်ထမ်း(ငြိမ်း)တပ်ကြပ်ကြီး ဦးထွန်းကြည်(အသက်၉၂နှစ်)တို့ကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ထံသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပေးအပ်သည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ပေးအပ်ချီးမြှင့်ခြင်းခံရသည့် အငြိမ်းစား မီးသတ်တပ်ဖွဲ့ဝင် အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ အခမ်းအနားတက်ရောက်လာကြသူများသည် မီးသတ်ဦးစီးဌာနပြခန်းတွင် ခင်းကျင်းပြသထားသည့် ရှေးဟောင်းမီးသတ်ယာဉ်များနှင့် ခေတ်မီမီးသတ်ယာဉ်/စက်ပစ္စည်းကိရိယာများ၊ ပြည်တွင်းမှ မီးဘေးလုံခြုံရေးဆိုင်ရာပစ္စည်းကိရိယာများထုတ်လုပ်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ(MSME)၊ ပြည်ပမှတင်သွင်း/ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတို့မှ မီးသတ်လုပ်ငန်းဆိုင်ရာပစ္စည်းကိရိယာများ ခင်းကျင်းပြသထားမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ခန်းမအရှေ့တွင် ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် မီးသတ်ယာဉ်များအားကြည့်ရှုစစ်ဆေးခဲ့ပြီး Daihatsu (ပြည်တော်သာ)သုံးဘီးမီးသတ် ဆိုင်ကယ်တစ်စီးအား မီးသတ်လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ အရန်မီးသတ်တပ်ရင်းမှ အသက် ၉၄ နှစ်အရွယ်ရှိ အရန်မီးသတ်တပ်ခွဲမှူး ဦးဝမ်သောင်းက လက်တွေ့မောင်းနှင်ပြသမှုကို ကြည့်ရှုအားပေးဂုဏ်ပြုခဲ့သည်။

အဆိုပါ Daihatsu (ပြည်တော်သာ) သုံးဘီးမီးသတ်ဆိုင်ကယ်ကို ၁၉၅၄ ခုနှစ်တွင်ဂျပန်နိုင်ငံ၌ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းနှစ်၌ပင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ကာ ပါလီမန်ဒီမိုကရေစီခေတ်အတွင်း၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြီးများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော မီးသတ်ယာဉ်ဖြစ်သည်။ မီးသတ်ယာဉ်ကြီးများ မဝင်ရောက်နိုင်သည့် လမ်းသွယ်၊ လမ်းကျဉ်းများအတွင်းသို့ဝင်ရောက်ပြီး မီးငြှိမ်းသတ်နိုင်သည့် မီးသတ်ယာဉ်တစ်စီးဖြစ်သည်။ အရန်မီးသတ်တပ်ခွဲမှူး ဦးဝမ်သောင်းသည် အရန်မီးသတ် တပ်ဖွဲ့ တာဝန်များကို အသက် ၂၅ နှစ်အရွယ်ကတည်းကစ၍ စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် ပရဟိတစိတ်ကို အခြေခံကာယခု အသက် ၉၄ နှစ်အရွယ်အထိ ၆၉ နှစ်တိုင်တိုင် စွမ်းစွမ်းတမံကျန်းမာစွာဖြင့် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရှိရသည်။

ညနေပိုင်းတွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုညစာစားပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-II)၌ပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ကောင်စီဝင်များ၊ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည် တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ အငြိမ်းစားမီးသတ်တပ်ဖွဲ့ဝင် အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သန္ဓေ၊ အရန်၊ သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ကိုယ်စားလှယ်များ၊ ထူးချွန်ဆုရရှိကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဂုဏ်ပြုညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ပြည်တော်အေးငြိမ်းမင်္ဂလာဆိုင်းနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့တို့၏ တီးခတ်မှုနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် အဆိုရှင်များနှင့် နိုင်ငံကျော်တေးသံရှင်များက တေးသံသာများ၊ မီးသတ်တပ်ဖွဲ့ဝင်အကအဖွဲ့ (ယိမ်း/Dancer)များ၏ အကအလှများဖြင့် စည်ကားစုံလင်စွာ ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment