အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် လက်ရှိအခြေအနေတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိသဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက လိမ္မော်ရောင်အဆင့် သတ်မှတ်လိုက်သည်။ မိုးလေဝသဌာနများ၏ ခန့်မှန်းချက်အရ အဆိုပါမုန်တိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့အကြားမှ ဖြတ်သန်းဝင်ရောက်မည်ဟု ဆိုထားသည်။ မိုးလေဝသမှ အစောပိုင်းက ခန့်မှန်းခဲ့သည့် မုန်တိုင်းလမ်းကြောင်းနှစ်ခုအနက် တစ်ခုဖြစ်သည့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထိစပ်သည့် နေရာမှ ဖြတ်သန်းဝင်ရောက်နိုင်သည်ဖြစ်ရာ မုန်တိုင်းကျရောက်နိုင်သည့် ဒေသအသီးသီးတွင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်သည်။
မိုးလေဝသတိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော
အားကောင်းသည့်မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမို
အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” အဖြစ်သို့ ရောက်ရှိလာကာ
မိုခါမုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၆၀ မှ မိုင် ၇၀
နှုန်းဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်အသိပေးခဲ့သည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေကို
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ
ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားပြီး ထိုအချိန်တွင်
အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၉၀ မှ မိုင် ၁၀၀ ခန့် အထိရှိသည်ဟု
ခန့်မှန်းထားသည်။
လက်ရှိဖြစ်ပေါ်နေသော
မိုးလေဝသအခြေအနေကို စောင့်ကြည့်လေ့လာနေကြသည့် နိုင်ငံတကာ မိုးလေဝသအဖွဲ့အစည်းများကလည်း
ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ဖျက်အားပြင်းအဆင့်ရှိသည့် မုန်တိုင်းဖြစ်၍ မုန်တိုင်း
ကမ်းရိုးတန်းသို့ဝင်ရောက်သောအခါ ထိခိုက်ပျက်စီးမှုများရှိနိုင်သည်ဟု
ခန့်မှန်းပြောဆိုနေကြသည်ကို ကြားသိနေရသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ မိုးလေဝသနှင့်
ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းဖြစ်ပေါ်နေသည့် အခြေအနေပေါ်မူတည်၍ တိကျ
ရေရာသော ခန့်မှန်းတွက်ချက်မှုများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်အသိပေးလျက်ရှိသဖြင့်
နိုင်ငံပိုင်မီဒီယာများက တရားဝင်ထုတ်ပြန်လျက်ရှိသော သတင်းများကို အလေးထားနားထောင်၍
ဆောင်ရွက်ရမည့်အချက်များအား တက်ညီလက်ညီ ဆောင်ရွက်နေသည်ကို တွေ့ရသည်။
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
မိုခါ၏အရှိန်ကြောင့် မေလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ တို့တွင် ရခိုင်ပြည်နယ်၌
အမြင့်ဆုံးလေတိုက်နှုန်း မိုင် ၁၀၀ ပတ်ဝန်းကျင်၊ နေပြည်တော်၊
စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊
ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင်
မိုင် ၄၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းအသိပေးထားသည်။ ထို့ကြောင့် မုန်တိုင်းနှင့်ပတ်သက်၍
အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများကို ရခိုင်ပြည်နယ်တွင် အထူးဦးစားပေးဆောင်ရွက်လျက်ရှိပြီး
ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက
ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက် နိုင်ရေးနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများကို
သက်ဆိုင်ရာအဖွဲ့အစည်းများက အရှိန်အဟုန်ဖြင့် ပြင်ဆင်ဆောင်ရွက်ထားသည်။
မုန်တိုင်းနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး
လွှမ်းခြုံဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်
သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများကို
နေ့စဉ်ပြုလုပ်လျက်ရှိသည်။ နေပြည်တော်ကောင်စီနယ်မြေနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
တပ်နယ်အသီးသီးမှ တပ်မတော်သားများ၊ ဒေသအသီးသီးရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊
ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်းပြီး သရုပ်ပြလေ့ကျင့်မှုများ
ကြိုတင်ဆောင်ရွက်ခဲ့ ကာ မုန်တိုင်းနှင့်ပတ်သက်၍ ထိခိုက်ခံစားရမှုအမျိုးမျိုးတို့ကို
ချက်ချင်းတုံ့ပြန် ဆောင်ရွက်ပေး နေသည်။
သဘာဝဘေးအန္တရာယ်ကျရောက်လာပါက
ဒေသခံပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊
ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအထောက်အကူပြုပစ္စည်းများ သိုလှောင်ထားရှိခြင်း၊
မုန်တိုင်းဒဏ်ခံ ကာကွယ်ရေး အဆောက်အအုံ ဆိုင်ကလုန်း ရှက်တာများ ပြင်ဆင်ထားရှိခြင်း၊
ရိက္ခာအမယ်(အမည်)ငါးမျိုးနှင့် သောက်သုံးရေ လုံလောက်စွာရရှိနိုင်ရေးတို့ကို သက်ဆိုင်ရာနယ်မြေအလိုက်
ပြင်ဆင်ဆောင်ရွက် ထားပြီး သဘာဝဘေးအန္တရာယ်ကို စည်းလုံးညီညွတ်မှုအားမာန်များဖြင့်
ကျော်လွှားကြရမည် ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment