နေပြည်တော် မေ ၁၁
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းများကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၃ ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၁၁၅ ဦး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၀ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ တပ်မတော်(ရေ) ရေကြောင်း လူငယ်သင်တန်းစခန်း ၁၁ ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
အလားတူ တပ်မတော်(လေ)က မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်နှင့် မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ်တို့၌ သင်တန်းစခန်း ၁၇ ခုတို့မှ စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိပြီး အခြေခံလေကြောင်း လူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၈၀ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်ရှိ Myanmar Air Force Aeromedical Centre ကိုလေ့လာခြင်း၊ မြေပြင်အတတ်သင်လေတပ်စခန်း ဌာနချုပ်တွင် RC လေယာဉ်/ ရဟတ်ယာဉ်/ Drone လက်တွေ့မောင်းနှင်ခြင်း၊ RC Simulator မောင်းနှင်ခြင်းနှင့် အခြေခံစစ်ရေးပြလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၌ အကြီးတန်း အဆင့်သင်တန်းစခန်း ၂ ခုမှ ပထမ၊ ဒုတိယနှင့် တတိယရရှိသူ သင်တန်းသား ၆ ဦး၊ အငယ်တန်းအဆင့်သင်တန်းစခန်း ၁၅ ခုမှ ပထမ၊ ဒုတိယဆုရရှိသူ သင်တန်းသား ၃၀ ဦး၊ စုစုပေါင်း ၃၆ ဦးတို့အား Grob -120 TP၊ Y-12 IV လေယာဉ်များနှင့် H-120 ရဟတ်ယာဉ် လိုက်ပါပျံသန်းခြင်းကို လေယာဉ်မောင်းသင်ကျောင်းမှ နည်းပြများနှင့်အတူ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံ လေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ် သင်တန်း(အငယ်တန်းအဆင့်)သင်တန်းများ လေ့ကျင့်သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment