Wednesday, May 10, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ် (၆)သင်တန်းဖွင့်ပွဲ တက်ရောက်၊ ပခုက္ကူခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၊ ချောက်မြို့နယ် ပန်းပဲကျေးရွာအုပ်စု၊ မင်းကန်ကျေးရွာ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ

 




မကွေး မေ ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆)သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၈ ရက် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ပခုက္ကူ နယ်မြေခံတပ်မှ တပ်မတော်အရာရှိများ၊ ပခုက္ကူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အနေနဲ့ နယ်စပ်ဒေသအပါအဝင် ကျေးလက်နေ ပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ရေးတို့အတွက် အဓိကကျတဲ့နေရာက တာဝန်ယူဆောင် ရွက်လျက်ရှိပါကြောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနအနေနဲ့ သက်မွေးသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးပြီး အလုပ်အကိုင်များ ရရှိအောင်ရှာဖွေပေးတဲ့အတွက် နယ်စပ်ဒေသနဲ့ ကျေးလက် မြို့ပြဒေသများမှာ ကျား/မ လူနေမှု အဆင့်အတန်းကွာဟမှုကို ကျဉ်းမြောင်းစေနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်မှုရရှိကာ လူမှုစီးပွားဘဝတိုးတက်ပြီး အာဆီယံစီးပွားရေး အသိုက်အဝန်း အတွင်း ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွေ့ပြောင်းသွားလာ လုပ်ကိုင်နိုင်ရေး၊ လူကုန်ကူးမှု ပပျောက်ရေး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာ အထောက်အကူ ဖြစ်စေသလို နိုင်ငံတော်ရဲ့ဆင်းရဲမှု လျော့ချရေးကိုလဲ တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေမှာ ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်က အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၆) သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ ဖွင့်လှစ်ပြီးစီးသည့် သင်တန်းအမျိုးအစားများနှင့် အရေအတွက်၊ ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများ အခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် သင်တန်းဖွင့်ပွဲတက်ရောက်ကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ပခုက္ကူနယ်မြေခံတပ်မှ တပ်မတော်အရာရှိများ၊ ပခုက္ကူခရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားကာ၊ သင်တန်းတွင် သင်ကြားပို့ချပေးမည့် လူသုံးကုန် အဝတ်အစား ဒီဇိုင်းများနှင့် အသုံးအဆောင်များ ခင်းကျင်းပြသထားမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မကွေးတိုင်းဒေသကြီးအတွင်းမှ ကျေးလက်နေ အမျိုးသမီးသင်တန်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြပြီး၊ သားရေးကြိုးတပ်အားကစားဘောင်ဘီ၊ တူညီဝတ်စုံအမျိုးမျိုး၊ ဘလောက်စ်အင်္ကျီ အမျိုးမျိုး၊ ဟာဝေယံ အင်္ကျီ၊ စတစ်လက်တိုအင်္ကျီ၊ စတိုင်ဘောင်းဘီ၊ ယူနီဖောင်း ရှပ်အင်္ကျီနှင့် ဘောင်ဘီ၊ ကုတ်အင်္ကျီ၊ ပွဲတက်အိတ်၊ ကဒ်ထိုးအိတ်၊ တစ်ချောင်းထိုးမာဖလာ၊ တစ်ချောင်း ထိုးဗန်းခင်း၊ တစ်ချောင်းထိုး နှင်းကာနှင့် သုံးမြှောင့်ပုဝါစသည့် အဝတ်အထည်နှင့် လူသုံးကုန် အမျိုးမျိုးတို့ကို အကိုင်အတွယ်မှ စတင်ပြီး ကိုယ်တိုင်ချုပ်တတ်သည်အထိ ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်မှ အောက်တိုဘာလ ၆ ရက် အထိ သင်တန်းကာလ(၂၂)ပတ်ကြာ စာတွေ့လက်တွေ့ စနစ်တကျသင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ပခုက္ကူခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ သည်။

သို့တွေ့ဆုံစဉ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီး အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်အဖော် ဆောင်ရွက်မှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက နယ်မြေအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကြိုးပမ်းဆောင်ရွက် မှုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ဘေးကင်းလုံခြုံစွာ လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာ လုပ်ငန်းများ အရှိန်မပျက် ကြိုးပမ်းဆောင်ရွက် ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ပခုက္ကူခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများက မိမိတို့ဌာန၏ မူဝါဒရည်မှန်းချက်လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် နေမှု အခြေအနေများ၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြု့ရသည့် အခက်အခဲ၊   ပြဿနာများကို အသီးသီး ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ် ဦးတင့်လွင်က ပြန်လည်ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး ဌာနအဆင့်ဆင့် တင်ပြဆောင်ရွက်ကြရန် မှာကြားသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချောက်ခရိုင်၊ ချောက်မြို့နယ် ပန်းပဲ ကျေးရွာအုပ်စု၊ မင်းကန်ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မင်းကန်ကျေးရွာတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေ အခက်အခဲ ကြုံတွေ့နေမှု အခြေအနေနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ မေးမြန်းကာ၊  ဒေသခံများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးကဏ္ဍ အနေဖြင့် ဒေသခံများစိုက်ပျိုးရေရရှိမှု နည်းပါးသည့်အတွက် ရေချွေတာသုံးစွဲ၍ သီးနှံစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများနှင့်  ပတ်သက်ပြီး  ဒေသခံတောင်သူများအား စိုက်ပျိုးရေး အသိပညာပေးပြောကြာကာ၊ အခြားလိုအပ်သည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ခရိုင်၊ မြို့နယ်သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပန်းဘဲကျေးရွာအုပ်စု မင်းကန်ကျေးရွာသည် မြောက်ဘက်တွင် ပန်းဘဲ(တောင်) ကျေးရွာ၊ အနောက်ဘက်တွင် တောင်နောက်ကျေးရွာနှင့် အုတ်တွင်းကျေးရွာ၊ တောင်ဘက်တွင် ဂွေးပင်ချိုရိုးကျေးရွာ၊ အရှေ့ဘက်တွင် ကျောက်ပတောင်းမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိကြောင်းမင်းကန်ကျေးရွာ ပြည်သူများ အနေဖြင့် တောင်သူလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်သာရှိပြီး မိရိုးဖလာလုပ်ငန်းဖြစ်သည့် သနပ်ခါးကျောက်ပြင်လုပ်ငန်း လုပ်ကိုင်သူများ ပြားကာ၊ ထွက်ရှိလာသည့် သနပ်ခါးကျောက်ပြင်များအား မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်နှင့် ဧရာဝတီတိုင်းများသို့ အများဆုံး တင်ပို့ရောင်းချပြီး ကျန်မြန်မာနိုင်ငံ အနှံအပြားသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

မောင်ညီညာ

No comments:

Post a Comment