နေပြည်တော် မေ ၅
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ မေ ၅ ရက် မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အားကစားအဖွဲ့များ အောင်မြင်မှုဆုတံဆိပ်များရရှိစေရန်နှင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များနှင့် ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့နံနက် ၉ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Hotel Cambodiana ၌ တည်းခိုနေထိုင်လျက်ရှိသည့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ Anik Palace Hotel ၌ တည်းခို နေထိုင်လျက်ရှိသည့် မြန်မာပီတန်း အားကစားအဖွဲ့၊ Citadines hotel ၌ တည်းခိုနေထိုင်လျက်ရှိသည့် မြန်မာဘော်လီဘော(အမျိုးသား) အားကစားအဖွဲ့တို့မှ အုပ်ချုပ်သူ/ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများကို သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
နိုင်ငံဂုဏ်သိက္ခာမြှင့်တက်စေရန်
ပြည်ထောင်စုဝန်ကြီးက မြန်မာအားကစားအဖွဲ့များအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ရိုင်းပင်းကူညီနေထိုင်သွားကြရန်လိုကြောင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိရန်နှင့် အသင်းအဖွဲ့စိတ်ဓာတ်ထားရှိရမည်ဖြစ်ကြောင်း၊ ခြင်းလုံးအားကစားနည်းသည် မြန်မာနိုင်ငံ၏ ရိုးရာအားကစားနည်းဖြစ်သည့်အတွက် ခြင်းလုံးအားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မိမိတို့၏ အရည်အချင်း၊ အရည်အသွေးများကို ဖော်ထုတ်ပြသပြီး ယှဉ်ပြိုင်ကစားသွားကြရန်လိုကြောင်း၊ မိမိနိုင်ငံဂုဏ်သိက္ခာ မြှင့်တက်စေရန်နှင့် နိုင်ငံတော်အလံအား နိုင်ငံတကာ၏အလယ်တွင် လွှင့်တင်နိုင်ပြီး နိုင်ငံတော်သီချင်းအား ဂုဏ်ယူဝင့်ကြွားစွာ သီဆိုနိုင်စေရန်အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အောင်မြင်မှုဆုတံဆိပ်များရရှိအောင် အားကစားသမားများအနေဖြင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်အားကစားသမား၏ အားသာချက်/အားနည်းချက်များကို လေ့လာသုံးသပ်ပြီး မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်တို့ဖြင့် နောက်ဆုံးအချိန်အထိ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်ယှဉ်ပြိုင်သွားကြရန်လိုကြောင်း။
ဖြည့်ဆည်းဆောင်ရွက်ပေး
နည်းပြများက စနစ်တကျ လေ့ကျင့်သင်ကြားပေးသည့်အတိုင်း ပြိုင်ပွဲတွင် ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုကြောင်း၊ အုပ်ချုပ်သူ/ နည်းပြများအနေဖြင့် မိမိအားကစားသမားများအား တည်းခိုနေထိုင် သွားလာရေးနှင့် စားသောက်မှုများအဆင်ပြေချောမွေ့စေပြီး လိုအပ်ချက်မရှိ အောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရန်မှာကြားခဲ့ပြီး အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူများထံ တင်ပြပေးရန်ပြောကြားသည်။
သတင်းစဉ်
No comments:
Post a Comment