Tuesday, May 9, 2023

တရားမဝင်ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများအား လိုင်စင်လျှောက်ထားရန် အသိပေးထုတ်ပြန်ချက်

၂ဝ၂၃ ခုနှစ် မေ ၉

၁။ ယနေ့အချိန်ကာလတွင် အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုအတွင်း၌ လူပုဂ္ဂိုလ်လုံခြုံရေးကို စိုးရိမ်ကြသည့်အတွက် လက်နက်ခဲယမ်းများကို နည်းလမ်းမျိုးစုံဖြင့်ရှာဖွေကာ တရားမဝင်ကိုင်ဆောင်လျက်ရှိကြောင်း ကြားသိနေရပါသည်။ မူလရည်ရွယ်ချက်မှာ လူပုဂ္ဂိုလ်လုံခြုံရေးအတွက်ဖြစ်သော်လည်း လက်နက်ခဲယမ်းများလက်ဝယ်ရှိနေချိန်တွင် လူ၏စိတ်သည် အချိန်မရွေးပြောင်းလဲသွားနိုင်ပြီး တရားမဝင်ကိုင်ဆောင်ထားခြင်းဖြစ်သဖြင့် တစ်ချိန်ချိန်တွင် တစ်လွဲအသုံးပြုမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ဥပဒေနှင့်လည်းညီညွတ်မှုမရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရားမဝင်လက်နက်ခဲယမ်းကိုင်ဆောင်မှုများ လျော့နည်းပပျောက်စေရေးနှင့် လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများမဖြစ်ပေါ်စေရေးအတွက် လက်နက်ခဲယမ်းကိုင် ဆောင်ခွင့်မူနှင့်အညီ စနစ်တကျလိုင်စင်ထုတ်ပေးရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၂။ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားသည့်အခါ လျှောက်ထားသည့်သေနတ်အား မည်သို့မည်ပုံရရှိသည်ကို စစ်ဆေးမေးမြန်းသွားမည်မဟုတ်ဘဲ လျှောက်ထားလိုသည့် လက်နက်ခဲယမ်းနှင့်တကွ အပ်နှံလျှောက်ထားရမည်ဖြစ်ပါသည်။ လက်နက်ခဲယမ်းကိုင်ဆောင် ခွင့်လိုင်စင်လျှောက်ထားမှုအပေါ် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့်အညီစိစစ်၍ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို လိုင်စင်ထုတ်ပေးသွားမည်ဖြစ်ပါသည်။ သီးခြားထုတ်ပြန်ပေးမည့် သတ်မှတ်ကာလအတွင်းလက်နက်ခဲယမ်းအပ်နှံ၍ လိုင်စင်လျှောက်ထားခြင်းမရှိပါက ဖော်ထုတ်ဖမ်းဆီး၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန် အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့

No comments:

Post a Comment