Wednesday, May 3, 2023

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်းစည်းဝေး

 


နေပြည်တော် မေ ၂

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေးလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ ပညာရေးနှင့်ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဝိုင်းဝန်းပူးပေါင်း

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ မြန်မာနိုင်ငံ၏အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဆွေးနွေးညှိနှိုင်းရန် ချမှတ်ပေးထားသော ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်စေရန် ပညာရေးညီလာခံကို ခမ်းခမ်းနားနားကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ညီလာခံကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လမ်းညွှန်မှာကြားထားသည့်အတိုင်း ချို့ယွင်းချက်မရှိ၊ အမှားအယွင်းမရှိအောင် ဝိုင်းဝန်းပူးပေါင်းကျင်းပရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့်အတူ ပညာရေးဆိုင်ရာ အခြားဆက်စပ်ဝန်ကြီးဌာနများပူးပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ကျင်းပသည့် ဤမြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ပါဝင်သည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီဆိုင်ရာလုပ်ငန်းများကို အတူတကွပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ယင်းနောက် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး(၁) အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းကညီလာခံကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ (၂၀၂၃) ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌများက ညီလာခံကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအစီအစဉ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နံနက်ပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment