နေပြည်တော် မေ ၁၄
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြေးဖြေးအားကောင်းလာကာ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) "မိုခါ"(MOCHA) အဖြစ်သို့ရောက်ရှိပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင်ရောက်မည့် အခြေအနေရှိနေသဖြင့် သဘာဝဘေးအန္တရာယ်မကျရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကိုယ်စီလုပ်ငန်း တာဝန်များပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာကံဇော်၊ ဦးမောင်မောင်အုန်းနှင့် ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မုန်တိုင်းဖြစ်ပေါ်လျက်ရှိမှုနှင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လျက်ရှိမှု
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းကြောင့် မိုခါမုန်တိုင်းတိုက်ခတ်မှုဖြစ်ပေါ်လျက်ရှိပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲလာမှု၊ မုန်တိုင်းလမ်းကြောင်းဖြတ်သန်းမှုတစ်လျှောက်တွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့မှု၊ မိမိတို့နိုင်ငံအတွင်းသို့ မုန်တိုင်းဝင်ရောက်နိုင်သည့် လမ်းကြောင်းနှင့် လေတိုက်နှုန်းမြင့်တက်လာမှုကြောင့် ရခိုင်ကမ်းရိုးတန်းသို့ခန့်မှန်းအချိန်ထက် နာရီပိုင်းစော၍ ဝင်ရောက်လာနိုင်မှု ထိခိုက်မှုများဖြစ်ပေါ်နိုင်မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစ၍ မုန်တိုင်းသတိပေးချက်များကို ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခန့်မှန်းချက်များအရ မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်းဝင်ရောက်ရန် ဖြစ်နိုင်ခြေမြင့်တက်လာ၍ လွန်ခဲ့သည့် ၃ ရက်ခန့်ကတည်းက အနီရောင်အဆင့် မုန်တိုင်းသတိပေးချက်ကို ဆောလျှင်စွာထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်ရန်လိုအပ်ချက်များကို ဆောလျှင်စွာပြင်ဆင်စေခဲ့ကြောင်း၊ ကမ်းရိုးတန်းဒေသများတွင်သာမက ကုန်းတွင်းသို့မုန်တိုင်းဝင်ရောက်ပြီး မုန်တိုင်းဖြတ်သန်းရာ ဒေသများ၌လည်း ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မုန်တိုင်းဝင်ရောက်နိုင်သည့်ဒေသများတွင် မိုးရွာသွန်းမှုများ ပိုမိုများပြားနိုင်သည်ကိုတွေ့ ရှိရကြောင်း၊ ထို့ကြောင့် မုန်တိုင်းဒဏ်သင့်ဒေသများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်နှင့် တပ်မတော်မှ ဆန်နှင့်ရိက္ခာများ ကြိုတင်စုဆောင်းထားရှိမှု
ယင်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတတ်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့က မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့သည့် ဒေသများသို့ ပေးပို့နိုင်ရေးအတွက် အရန်ဆန်များဒေသအလိုက် ကြိုတင်စုဆောင်းထားရှိမှု၊ တပ်မတော်မှရိက္ခာများနှင့် အမိုးသွပ်များ ကြိုတင်စု ဆောင်းထားရှိမှု၊ ခေါက်ဆွဲခြောက်နှင့် ရိက္ခာခြောက်များ၊ စားသုံးဆီများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေများ၊ ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ စေတီပုထိုးများထိခိုက်မှု အနည်းဆုံးဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များ ပျက်ဆီးဆုံးရှုံးမှုဖြစ်ပေါ်ပါက အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ သံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်းကွမ်းများ အဆင်ပြေစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ဆန်နှင့်ရိက္ခာများကို ကြိုတင်စုဆောင်းထားရှိပြီး အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရေး တပ်မတော်လေယာဉ်များ၊ ရေယာဉ်များ၊ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ အသင့်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ ယနေ့မှစ၍ ယာဉ်တင်အသင့်ဆောင်ရွက်မှုကို စတင်ပြုလုပ်ထားရန်လိုကြောင်း၊ အရေးပေါ်ရိက္ခာဖြန့်ဝေရာတွင် လျှင်မြန်ထိရောက်မှုရှိစေရေး ရိက္ခာများဖြန့်ဖြူးပေးမှု အဆင်ပြေစေရေး ထုတ်ပိုးမှုများကို လွယ်ကူစွာသယ်ဆောင်နိုင်သည့် ထုတ်ပိုးမှုများဖြစ်အောင် ပြင်ဆင်ထားရန်လိုကြောင်း၊ အလားတူဘုန်းတော်ကြီးကျောင်းများသည် မြို့၊ ရွာများ၏ အစွန်းအဖျားနေရာများတွင် တည်ရှိကြခြင်းကြောင့် လေပြင်းများတိုက်ခတ်ပြီး ပျက်စီးမှု များဖြစ်ပေါ်ခဲ့ပါက ပြင်ဆင်ပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မုန်တိုင်းဒဏ်ထိခိုက်သည့် ဒေသများ၌ ပြင်ဆင်မှုများဆောင်ရွက်ပေးရာတွင် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းမှာကြားသည်၊ အလားတူ သံဃာတော်များနှင့် သီလရှင်များအတွက် သင်္ကန်းများနှင့် သီလရှင်ဝတ်စုံများ၊ ဆွမ်းဆန်တော်များကို ကြိုတင်စုဆောင်းထားရန်နှင့် လိုအပ်သည့်အချိန်တွင် အသင့်ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေအတွင်းရှိ စေတီပုထိုးများ ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်းဖြင့် မှာကြားသည်။
ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရှိမှု
ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက တပ်မတော်မှဆေးဝါးများနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်မှုဖြစ်ပွားခဲ့သည့်ဒေသများရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ဆေးဝါးများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့များကို ကြိုတင်ဖွဲ့စည်းဆောင်ရွက်ထားရန်လိုသကဲ့သို့ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်များကိုလည်း ယနေ့မှစတင်၍ အသင့်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ ၎င်းရေယာဉ်များအပေါ်၌ အရေးပေါ်စားနပ်ရိက္ခာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း အသင့်တင်ဆောင်ထားရှိရန်လိုကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့များ ဖွဲ့စည်းစေလွှတ်ရာတွင် မုန်တိုင်းဒဏ်၊ ရေလွှမ်းမိုးမှုဒဏ်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲရောဂါများကို ကုသပေးနိုင်ရေး ဖွဲ့စည်းစေလွှတ်ရန်လိုကြောင်း မှာကြားသည်။
ပြောင်းရွှေ့ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကြိုတင်ဖွဲ့စည်း
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်၊ စစ်ထောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်နိုင်ဦးတို့က အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီပို့ဆောင်နိုင်ရေး လေယာဉ်၊ ရဟတ်ယာဉ်များ အသင့်ပြင်ဆင်ထားရှိမှု၊ လေယာဉ်၊ ရဟတ်ယာဉ်များ၏စွမ်းဆောင်နိုင်မှုနှင့် လိုအပ်ချက်များ၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သည့်ဒေသများတွင် ပြောင်းရွှေ့ ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့များ၊ အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်များပါဝင်သည့် မော်တော်ယာဉ်အစုအဖွဲ ၁၀ ဖွဲ့ ဖွဲ့စည်းထားရှိပြီး စေလွှတ်ဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်ရေးမပြတ်တောက်စေရန်အတွက် အရေးပေါ်သုံး၊ စစ်သုံးဘေလီတံတားများ ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိမှု၊ အရေးပေါ်ရဟတ်ယာဉ် ကွင်းများတည်ဆောက်နိုင်ရေး Helipad များ ပြင်ဆင်ပို့ဆောင်ထားရှိမှု၊ ရေသန့်ယာဉ်များ၊ မီးစက်များဆောင် ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မုန်တိုင်းတိုက်ခတ်နေချိန်အတွင်း လေယာဉ်၊ ရဟတ်ယာဉ်များ ပျံသန်းခြင်းမပြုလုပ်နိုင်သော်လည်း မုန်တိုင်းဝင်ရောက်ပြီးချိန်တွင် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးပစ္စည်းများပို့ဆောင်နိုင်ရေး စစ်တွေလေယာဉ်ကွင်းအား ညအချိန်တွင်ပါ ဆင်းသက်နိုင်ရန်ပြေးလမ်းမီးများအပါအဝင် အခြားလိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ အရေးပေါ်ကူညီကယ်ဆယ်ရေး ယာဉ်အစုအဖွဲ့ ၁၀ ဖွဲ့ အပြင် အဖွဲ့ ၂ ဖွဲ့ကိုလည်းထပ်မံ ဖွဲ့စည်းထားရှိရန်လိုကြောင်း၊ လိုအပ်သည့်နေရာသို့ လိုအပ်သည့်အချိန်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများ အချိန်မီပို့ဆောင်နိုင်ရေးကြိုတင် တွက်ချက်ဆောင်ရွက်ထားရန်လိုကြောင်း မှာကြားသည်။
အချိန်နှင့်တပြေးညီ သတင်းများရရှိရေး(Real Time Information) နှင့် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းတို့က ဒေသအလိုက်ဖြစ်ပွားနေသည့် မုန်တိုင်းနှင့်သက်ဆိုင်သည့်အခြေအနေများကို အမြဲမပြတ်သတင်းရရှိရေးနှင့် ထုတ်လွှင့်နိုင်ရေး ကျောပိုးဂြိုလ်တုဆက်သွယ်ရေးစနစ်ဖြင့် ဆောင်ရွက်နေမှု၊ မုန်တိုင်းအသိပေးချက်နှင့် သတိပေးချက်များ၊ အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲလျက်ရှိသည့် မုန်တိုင်းသတင်းများနှင့်ပတ်သက်၍ ပြည်သူများအချိန်နှင့် တစ်ပြေးညီသိရှိနိုင်ရေး ရုပ်မြင်သံကြားအစီအစဉ်များ၊ ရေဒီယိုအသံလွှင့်အစီအစဉ်များနှင့် Website များ၌ အမြဲမပြတ် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မုန်တိုင်းဝင်ရောက်နိုင်သည့် ကမ်းရိုးတန်းဒေသများပါမက မုန်တိုင်းသက်ရောက်နိုင်သည့် ကုန်းတွင်းပိုင်းဒေသများသည်လည်း ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် အန္တရာယ်များအတွက် သတိစေရေး လှုံ့ဆော်ပြန်ကြားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မုန်တိုင်းသတိပေးချက် လှုံ့ဆော်မှုများကို မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဘဲ သိရှိစေရေးနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သတင်းများ အချိန်နှင့်တစ်ပြေးညီ ရရှိရေးအတွက်လည်း ဆောင်ရွက်နေရန်လိုကြောင်း။
သဘာဝဘေးဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု
ယင်းနောက် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မုန်တိုင်းဒဏ်ကြောင့်ဖြစ်ပွားမည့် သဘာဝဘေးဒဏ်သင့်ဒေသများတွင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ (AHA Center) နှင့် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
နိုင်ငံသူ၊ နိုင်ငံသားအားလုံး မည်သူတစ်ဦးတစ်ယောက်မှ ကျန်ရှိမှုမရှိစေဘဲ ကာကွယ်ကူညီစောင့်ရှောက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တပ်မတော်အရာရှိကြီးများကို တစ်ဦးချင်း လိုအပ်ချက်များ၊ အကြံပြုချက်များကိုမေးမြန်းပြီး ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အရေးပေါ်သုံးပစ္စည်းများ၊ စားနပ်ရိက္ခာပစ္စည်းများကို လျှင်မြန်ထိရောက်စွာ ပို့ဆောင်နိုင်ရေး လေယာဉ်ယာဉ်ပေါ်အသင့်၊ ရေယာဉ် ယာဉ်ပေါ်အသင့်၊ မော်တော်ယာဉ်ယာဉ်ပေါ်အသင့်ဖြစ်စေရေး ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် တိုင်းစစ်ဌာနချုပ်များအားလုံး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊
မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားအားလုံး မည်သူတစ်ဦးတစ်ယောက်မှ ကျန်ရှိမှုမရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့် တစ်ပြေးညီလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment