Wednesday, May 17, 2023

ဓနုဖြူမြို့နယ်၊ ဖျာပုံမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့အတွင်းရှိ လေဘေးသင့်ပြည်သူများအား ကူညီစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်


 

နေပြည်တော် မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား အိမ်မိုးသွပ်များ၊ သွပ်သံများ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါမြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်တာဝန်ရှိသူများ၊ မအူပင်ခရိုင်သဘာဝဘေးအန္တရာယ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးကအားပေးစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား အိမ်မိုးသွပ်များ၊ သွပ်သံများ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ကြပြီး လေဘေးသင့်ပြည်သူများအား လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဖျာပုံမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့များသို့သွားရောက်၍ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လူနေအိမ်များနှင့်စာသင်ကျောင်းများအား အမိုးသွပ်များ၊ ခေါင်အုပ်သွပ်ပြားများ၊ သစ်များနှင့်သွပ်သံများလှူဒါန်းခဲ့သည်။ ထို့နောက် နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူးပေါင်း၍ သွပ်အမိုးများလဲပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment