နေပြည်တော် မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ရှိ မြို့တော်ခန်းမ၌အခြေပြု၍ မြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၆၂၁ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၆၅ ဦး၊ ခွဲစိတ်ရောဂါ ၈၁ ဦး၊ ကလေးရောဂါ ၃၅ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၇ ဦး၊ အရိုးရောဂါ ၈၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၄ ဦး၊ မျက်စိရောဂါ ၁၄၈ ဦးနှင့် သွားရောဂါ ၅၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ၁၆ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၈ ဦး၊ သွားနှုတ်/ဖာ/ဆေးထည့် လူနာ ၅၂ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၃၂ ဦး၊ Ultrasound ရိုက်လူနာ ၈၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၄ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၉၁ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား အပူဒဏ်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးခြင်း များ ဆောင်ရွက်ပေးသည်။
ထို့ပြင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်လိုအပ်သူ ဒေသခံပြည်သူ ၅၃၄ ဦးတို့ကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးပြီး Mask များပေးဝေခဲ့သည်။
၎င်းအပြင် ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများအား တာဝန်ရှိသူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြရာ ဆေးကုသရန်လာရောက်သူ စေတနာရှင်ပြည်သူများက ဆေးကုသရေးအဖွဲ့များအား စားသောက်ဖွယ်ရာများ ပြန်လည်လှူဒါန်းကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment