နေပြည်တော် မေ ၁၀
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်များသို့ သဘာဝဘေးမုန်တိုင်းအန္တရာယ်ကျရောက်လာပါက ကူညီကယ်ရေးလုပ်ငန်းများကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဆေးဝါးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် အမ်းမြို့များသို့ တပ်မတော်လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပို့ဆောင်ရာတွင် စစ်တွေမြို့သို့ ဆေးဝါးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများဖြစ်သည့် ရေသန့်ဆေးပြားပုံး ၁၇ ပုံး၊ ဆေးပစ္စည်းပုံး ၃ ပုံး၊ တစ်ကိုယ်ရေ သုံးဆေးပစ္စည်းစုံပုံး ၆၀ ပုံး၊ ရေသန့်စက် ၁၀ ပုံး၊ ရေပုံး(၂၀ လီတာဝင်) ၁၀၀ ပုံး၊ ဓာတ်ဆားအိတ် ၄၀ အိတ်၊ Body Bag ၂ ပုံး၊ ကြိုးခွေ ၄ ထုပ်၊ မိုးကာစ ၂၀ ထုပ်နှင့် ခြောက်ဆွဲခြောက် ၁၃၆ ဖာတို့အားလည်းကောင်း၊ ကျောက်ဖြူမြို့သို့ ရေသန့်ဆေးပြား ပုံး ၃ ပုံး၊ ဆေးပစ္စည်းစုံပုံး ၅ ပုံး၊ မိုးကာစ ၂၀ ထုပ်၊ ကြိုးခွေ ၂၀ ထုပ်နှင့် Body Bag ၂ ပုံးတို့အားလည်းကောင်း၊ အမ်းမြို့သို့ ရေသန့်ဆေးပြားပုံး ၃ ပုံး၊ ဆေးပစ္စည်းစုံပုံး ၅ ပုံး၊ မိုးကာစ ၂၀ ထုပ်၊ ကြိုးခွေ ၂၀ ထုပ်နှင့် Body Bag ၂ ပုံးတို့အားလည်းကောင်း ပို့ဆောင်ပေးခဲ့ရာ သက်ဆိုင်တာဝန်ရှိသူများက လေဆိပ်၌လက်ခံရယူခဲ့ကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကူညီသယ်ဆောင်ကြပြီး သတ်မှတ်သိုလှောင်ရုံများသို့ ပို့ဆောင်ပေးကြသည်။ အဆိုပါ ဆေးဝါးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား သက်ဆိုင်ရာမြို့နယ်များသို့ အမြန်ဆုံး ဆက်လက်ဖြန့်ဝေပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment