စစ်တွေ မေ ၂၇
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် မေ ၂၇ ရက် နံနက်ပိုင်းက စစ်တွေမြို့မှ တပ်မတော် ရဟတ်ယာဉ်ဖြင့် မောင်တောမြို့နယ် လှဖိုးခေါင် ယာယီနေရာချထားရေးစခန်းသို့ ရောက်ရှိခဲ့ပြီး ရှေ့ပြေးစမ်းသပ်စီမံကိန်းအရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ စခန်းတာဝန်ခံက ပြန်လည်ဝင်ရောက် လာမည့်သူများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများက စစ်ဆေးလက်ခံမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဌာနအသီးသီးက စေ့စပ်သေချာစွာ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်နှင့်စခန်း၌ ယာယီနေထိုင်စဉ်ကာလ အတွင်း လိုအပ်မည့်စားနပ်ရိက္ခာ၊ ရေ၊ မီး၊ မိလ္လာနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို စနစ်တကျ ပြင်ဆင်ထားရှိရေးမှာကြား၍ ဌာနဆိုင်ရာဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခဲ့ပြီး စခန်းတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ရောက်ရှိပြီး ပြန်လည်ဝင်ရောက်လာမည့်သူများနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များဖြစ်သည့် အိမ်ထောင်စုစာရင်း ရေးသွင်းမှတ်သားခြင်း၊ Bio Metric Data များရယူ၍ e-ID ဖြည့်သွင်းခြင်း၊ NVC ကတ်ထုတ်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းမှာကြားခဲ့သည်။ ယင်းနောက် စခန်းတွင်တာဝန်ထမ်းဆောင်လျက် ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသောက်ဖွယ်ရာများပေးအပ်၍ စခန်းတွင်းလိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ တောင်ပြိုလက်ဝဲလက်ခံရေးစခန်းသို့ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာချိန်တွင် ပြန်လည်ဝင်ရောက်လာမည့်သူ၏ ကိုယ်ရေးအချက်အလက်အား (ရုံးချုပ်) ရှိ Data Server သို့ အင်တာနက်လိုင်းချိတ်ဆက်ကာ Online စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းနည်းဖြင့် လည်းကောင်း၊ အင်တာနက်လိုင်းမရရှိပါက Hard Disk အသုံးပြု၍ Offline စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေး နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား၍ စခန်းရှိဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကာစခန်းတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ သည်။
ဆက်လက်၍ မောင်တောမြို့သို့ရောက်ရှိခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အခြေအနေကိုလည်းကောင်း၊ အမျိုးသမီးသင်တန်းသူများ၏ စက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားနေမှု အခြေအနေကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မောင်တောမြို့ရှိ ရုံး၊ သင်တန်းကျောင်းများမှ နည်းပြများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ယင်းနောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားသည့် စာသင်ဆောင်၊ အိပ်ဆောင်၊ စားရိပ်သာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment