ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောအလွန် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) သည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည့်အတိုင်း ဖြစ်လာနေပြီဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်၌ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြန်မာ့ကမ်းရိုးတန်းသို့ဦးတည်ပြီး နိုင်ငံအနှံ့၌ လေပြင်းတိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများဖြစ်ပေါ်နေသည်။
အားအလွန်ကောင်းသော
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ယခုအခါ လေတိုက်နှုန်း တစ်နာရီ ၉၅ မိုင်မှ မိုင် ၁၀၀
နှုန်းခန့်ရှိပြီး ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ရန်နီးကပ်နေပြီဖြစ်ရာ လက်ရှိအချိန်၌
မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တွင်ရှိသော ကမ်းဝေး/ကမ်းနီး
ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် အသိပေးထားသည်။
ပင်လယ်ကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်နေသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ လေတိုက်နှုန်းအရှိန်သည်
တစ်နာရီ မိုင် ၁၀၀ နှုန်းမှ ၁၁၀ အထိရှိလာနိုင်သည်ဟု အသိပေးထားပြီး ပင်လယ်ဒီရေလှိုင်းအမြင့်မှာ
၁၃ ပေမှ ၁၆ ပေအထိ ရှိနိုင်သောကြောင့် အထူးအန္တရာယ်ရှိသည့် အဆင့်သို့ရောက်ရှိနေသည်ကို
အထူးသတိပြုရမည်ဖြစ်သည်။
ထို့ကြောင့်
ငါးဖမ်းရေယာဉ်၊ လှေ၊ သင်္ဘောများအားလုံးသည် လုံးဝ(လုံးဝ)မထွက်ကြရန် လိုအပ်သည်။ သက်ဆိုင်ရာ၏
ညွှန်ကြားချက်များကို မလိုက်နာပါက အသက်အန္တရာယ်ရှိသည့်အပြင် မလိုက်နာသောကြောင့် အရေးယူခြင်းကိုလည်း
ခံရနိုင်သည်။ ထို့အပြင် ပင်လယ်ကမ်းရိုးတန်းဒေသရှိ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၁၆
ပေအောက် ကုန်းတွင်းနေရာဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် နီးစပ်ရာဆိုင်ကလုန်းရှက်တာများ
(သို့မဟုတ်) ရေဘေးလွတ်ရာ ကုန်းမြေမြင့်များသို့ ရွှေ့ပြောင်းနေထိုင်ရေးဆောင်ရွက်ကြရန်နှင့်
မရှိမဖြစ်လိုအပ်မည့် တစ်ကိုယ်ရေသုံးပစ္စည်းများကို ရွှေ့ပြောင်းအခြေပြုနေထိုင်မည့်နေရာများသို့
ကြိုတင်ပို့ဆောင်ထားခြင်းဖြင့် မုန်တိုင်း ကုန်းတွင်းပိုင်းသို့ဝင်ရောက်ချိန်တွင် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့်
ကျော်လွှားသွားနိုင်မည်ဖြစ်သည်။
ယခုအခါ
ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ ဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသော
အနီရောင်အဆင့်ရှိဒေသများအဖြစ် စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မောင်တောမြို့နယ်၊
ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ်၊ ပေါက်တောမြို့နယ်နှင့် မာန်အောင်မြို့နယ်ခုနစ်မြို့နယ်တို့ကို
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အသိပေးထားသည်။ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ရာ
လမ်းကြောင်းပေါ်တွင်တည်ရှိနေသည့် စစ်တွေမြို့နှင့်မောင်တောမြို့ အနီးတစ်ဝိုက် ဒေသများသည်
မုန်တိုင်းဒီရေတက်ရောက်ပါက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ပြီး ခန့်မှန်းတွက်ချက်မှုများအရ
နတ်မြစ်ကြောင်းတစ်လျှောက် မြစ်ဝမှတောင်ပြို လက်ဝဲမြို့အထိ အရှေ့ဘက်ကမ်းဒေသများ၊ မေယုမြစ်ကြောင်းတစ်လျှောက်
မေယုမြစ်ဝမှရသေ့တောင်၊ ဘူးသီးတောင်မြို့များအထိ မြစ်ကြောင်းဝဲ/ယာတစ်လျှောက်၌ မုန်တိုင်းဒီရေများ
သက်ရောက်မှုရှိနိုင်သည်။ မုန်တိုင်းဒီရေ ၁၆ ပေ
အမြင့်ခန့်တက်လာပါက အနီရောင်သတ်မှတ်ထားသည့်မြို့များအပြင် ပတ်ဝန်းကျင်ဒေသများ မြစ်ချောင်းများနှင့်
ပင်လယ်ကမ်းခြေနှင့် ဆက်စပ်သောဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်လာနိုင်သည်။
ဖြစ်ပေါ်နေသည့်
ဆိုင်ကလုန်းမုန်တိုင်းသည် တဖြည်းဖြည်းပိုမိုအားကောင်းလာပြီး အဖျက်အားပြင်းသည့် မုန်တိုင်းအဆင့်သို့
ရောက်ရှိလာနိုင်သည်ကို အားလုံးအနေဖြင့် သိရှိထားပြီးဖြစ်၍ သက်ဆိုင်ရာအဖွဲ့အစည်းများ၏
လမ်းညွှန်ချက်များ၊ ဆောင်ရွက်ပေးမှုများနှင့်အညီ တက်ညီလက်ညီ လုပ်ကိုင်ဆောင်ရွက်ကြရမည်
ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့်
ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားခြင်း၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းများကို
အစောပိုင်းကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ရာ ဆိုင်ကလုန်းမုန်တိုင်းမိုခါသည်
နာဂစ် မုန်တိုင်းကဲ့သို့ အဖျက်စွမ်းအားကြီးသော်လည်း ထိခိုက်ဆုံးရှုံးမှုများကို ထူးခြားစွာလျှော့ချနိုင်မည်ဟု
ယုံကြည်သည်။
သို့ဖြစ်ရာ
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မကြာမီကာလတွင် ကုန်းတွင်းပိုင်းသို့
ဝင်ရောက်တော့မည်ဖြစ်ရာ မုန်တိုင်းနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ကြိုတင်ပြင်ဆင်စောင့်ကြည့်လေ့လာ
စီမံခန့်ခွဲဆောင်ရွက်ထားပြီး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်မှုများကြောင့်
အင်အားပြင်းထန်ပြီး အဖျက်စွမ်းအားကြီးမားသော်လည်း မုန်တိုင်းကျရောက်ရာ မြန်မာနိုင်ငံအတွင်းရှိ
ဒေသများအနေဖြင့် ထိခိုက်ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မည်ဟု မျှော်လင့်ပါကြောင်း။ ။
No comments:
Post a Comment